သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူလက်နက် လျှော့ချရေး စာချုပ်သစ် အထက်လွှတ်တော် အတည်ပြုရေး အိုဘားမား တိုက်တွန်း


နျူလက်နက် လျှော့ချရေး စာချုပ်သစ် အထက်လွှတ်တော် အတည်ပြုရေး အိုဘားမား တိုက်တွန်း
နျူလက်နက် လျှော့ချရေး စာချုပ်သစ် အထက်လွှတ်တော် အတည်ပြုရေး အိုဘားမား တိုက်တွန်း

အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့ကြားက မဟာဗျူဟာမြောက် နျူကလီးယား လက်နက်တွေ လျှော့ချရေးအတွက် သဘောတူစာချုပ် အသစ်ကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုပေးဖို့ သမ္မတ အိုဘားမား (Obama) က တိုက်တွန်းနေပါတယ်။ ရှေ့နှစ်ဆန်းမှာ စတင် ခေါ်ယူမယ့် လွှတ်တော်မတိုင်မီ ဒီလ မကုန်မီမှာ အတည်ပြုပေးနိုင်ဖို့အတွက် သမ္မတ အိုဘားမားက ဆော်သြနေတာလည်း ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ကန့်တ် ကလိုင်း (Kent Klein) အိမ်ဖြူတော်က ပေးပို့ထားတဲ့ သတင်းကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

START လို့ အတိုကောက်ခေါ်တဲ့ မဟာဗျူဟာမြောက် နျူကလီးယား လက်နက်ကြီးတွေ လျှော့ချရေး သဘောတူစာချုပ်အသစ် အတည်ပြုနိုင်ရေးဟာ နိုင်ငံတော်အတွက် အလျှင်အမြန် ဦးစားပေးရမယ့် ကိစ္စကြီးတခု ဖြစ်တယ်လို့ သမ္မတ အိုဘားမားက အခုလို ပြောပါတယ်။

“START လို မဟာဗျူဟာမြောက် နျူကလီးယား လက်နက်ကြီးတွေ လျှော့ချရေး စာချုပ်ကို အတည်ပြုဖို့ ဆိုတာက အစိုးရတရပ်ရဲ့ အောင်ပွဲခံတာ မဟုတ်သလို နိုင်ငံရေးပါတီကြီး တခုရဲ့ အောင်ပွဲလည်း မဟုတ်ပါဘူး။ ဒါဟာ အမေရိကန် ပြည်ထောင်စုရဲ့ လုံခြုံမှုနဲ့ လုံခြုံရေးအတွက်ပဲ ဖြစ်ပါတယ်။”

သမ္မတ အိုဘားမားက အပတ်စဉ် စနေနေ့တိုင်း ရေဒီယိုက ပြောနေကြ မိန့်ခွန်းမှာလည်း ထပ်လောင်းပြီး မေတ္တာရပ်ခံလိုက်ပါတယ်။ အမေရိကန် အထက်လွှတ်တော်ရဲ့ ဒီနှစ်သက်တမ်း မကုန်ခင် ဒီသီတင်းပတ် ၂ ပတ်အတွင်းမှာ အပြီးသတ် အတည်ပြုပေးနိုင်အောင် အထက်လွှတ်တော် အမတ်တွေ အချေအတင် ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ တချို့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်တွေက ဒီ START သဘောတူစာချုပ် အတည်ပြုရေးကို ကန့်ကွက်နေကြတာကြောင့် သမ္မတ အိုဘားမား မှန်းထားသလောက်၊ ထင်သလောက် ခရီးမပေါက် ဖြစ်နေပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံအကြား အရင်တုန်းက ချုပ်ဆိုခဲ့တဲ့ မဟာဗျူဟာမြောက် လက်နက်ကြီးတွေ လျှော့ချရေး သဘောတူစာချုပ်ဟာ သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ပြည်ထောင်စု အနေနဲ့ ရုရှားနိုင်ငံက ပိုင်ဆိုင်တဲ့ နျူကလီးယား လက်နက်တွေ ဘယ်လောက်ရှိနေတယ် ဆိုတာကို ကွဲကွဲပြားပြား သိနိုင်ဖို့ ခက်ခဲနေတယ်လို့ သမ္မတ အိုဘားမားက အခုလို ပြောပါတယ်။

“တမိနစ် နောက်ကျ နှောင့်နှေးနေတိုင်း ကျနော်တို့ ခြေလှမ်းကို တမိနစ် နောက်ဆုတ်နေရသလို ဖြစ်နေတာကြောင့် ရုရှားတွေရဲ့ နျူကလီးယား လက်နက်တွေ ဘယ်လောက်ရှိသလဲ ဆိုတာ သိနိုင်ဖို့ ကျနော်တို့ရဲ့ စစ်ဆေးရေးမှူးတွေ သွားလို့ မရနိုင်ပါဘူး။”

အခုလောလောဆယ် START စာချုပ်ကို အတည်ပြုပေးဖို့ ပျက်ကွက်ခဲ့မယ်၊ ဒါမှမဟုတ် နှောင့်နှေးနေမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံ ဆက်ဆံရေးကိုလည်း အတော်လေး ကသိကအောက် ဖြစ်စေနိုင်တယ်လို့ သမ္မတ အိုဘားမားက အခုလို ပြောပါတယ်။

“စာချုပ်အသစ်တခု မရှိခဲ့ရင် ရုရှားနဲ့ ဆက်ဆံရေး တိုးတက်အောင် လုပ်နိုင်ခဲ့တာဟာ နောက်ကြောင်း ပြန်လှည့်ရမယ့် အန္တရာယ်အတွက် စွန့်စားကြရသလို ဖြစ်နိုင်ပါတယ်။ အီရန်နိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်ရာမှာ အကြမ်းဖက်သမားတွေရဲ့ လက်ထဲ နျူကလီးယား ကုန်ကြမ်းတွေ ရောက်မသွားအောင် အာဖဂန်နစ္စတန်မှာရှိတဲ့ ကျနော်တို့ရဲ့ တပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့ရာမှာ ရုရှားရဲ့ အခိုင်အမာ ပံ့ပိုးမှုကလည်း လိုအပ်နေပါတယ်။”

ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်တချို့ကတော့ ဒီစာချုပ်ထဲမှာ အမေရိကန်ရဲ့ ဒုံးလက်နက် ကာကွယ်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး သင့်တင့်လျောက်ပတ်စွာ ဖော်ပြထားတာ မရှိသလို အမေရိကန် ပြည်ထောင်စုရဲ့ နျူကလီးယား လက်နက်ကြီးတွေ အဆင့်မြှင့်တင်ရေးကိုလည်း ဖော်ပြမထားဘူးလို့ ဝေဖန်နေကြပါတယ်။

အမေရိကန် အထက်လွှတ်တော်က ဒီ START သဘောတူစာချုပ်နဲ့ ပတ်သက်ပြီး ၇ လကြာ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ ကြားနာစစ်ဆေးမှုပေါင်း ၁၈ ခု အတွင်းမှာ မေးခွန်းပေါင်း ၁,၀၀၀ ကျော်ကိုလည်း ဖြေကြား ထွက်ဆိုထားပြီး ဖြစ်ပါတယ်လို့ သမ္မတ အိုဘားမားက ထောက်ပြပါတယ်။

ရီပတ်ဘလစ်ကန် သမ္မတတွေ လက်ထက် သက်ရှိထင်ရှား ရှိနေတဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ၊ အမေရိကန် ပြည်ထောင်စုရဲ့ နေတိုး မဟာမိတ်တွေ၊ အမေရိကန် စစ်ဘက် ခေါင်းဆောင်ကြီးတွေ အပြင် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် တော်တော်များများကလည်း ဒီ START စာချုပ်ကို ထောက်ခံထားပြီး ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒီနှစ် ဧပြီလတုန်းက ချက်သမ္မတနိုင်ငံ ပရပ်ဂ်မြို့မှာ သမ္မတ အိုဘားမားနဲ့ ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) တို့ တွေ့ဆုံတုန်းက မဟာဗျူဟာမြောက် နျူကလီးယား လက်နက်ကြီးတွေ လျှော့ချရေး စာချုပ်အသစ် တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ပါတယ်။ အမေရိကန် အထက်လွှတ်တော်ကနေ အတည်ပြုပေးပြီးတဲ့အခါ ရုရှားနိုင်ငံရဲ့ ဒူးမားလွှတ်တော်ကလည်း ထပ်ဆင့် အတည်ပြုပေးရဦးမှာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားက အမေရိကန် ပြည်ထောင်စုရဲ့ အလုပ်ပိတ်ရက်၊ အားလပ်ရက် ရာသီမှာ သူ့ဇာတိ ဟာဝိုင်ယီကျွန်းကို ပြန်ပြီး မိသားစုနဲ့ အနားယူမယ့် အစီအစဉ်ကို လောလောဆယ် ရွှေ့ဆိုင်းထားပါတယ်။ START ခေါ် မဟာဗျူဟာမြောက် နျူကလီးယားလက်နက် လျှော့ချရေး သဘောတူစာချုပ်နဲ့ တခြား ဥပဒေတွေကို လက်မှတ်ရေးထိုးဖို့အတွက် သူ ဝါရှင်တန်မှာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေတယ်လို့ ဗွီအိုအေ သတင်းထောက် ကန့်တ် ကလိုင်း အိမ်ဖြူတော်ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG