သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတနဲ့ အမေရိကန်လွှတ်တော်ကြား ပူးပေါင်းဆောင်ရွက်သွားမည်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ အသစ်တက်လာတဲ့ အထက်လွှတ်တော် ရီပတ်ပလစ်ကန် အမတ်အများစုရဲ့ ခေါင်းဆောင်တို့ဟာ သူတို့အနေနဲ့ အမြဲတမ်း သဘောတူညီမှု မရနိုင်ဘူး ဝန်ခံလိုက်ပေမဲ့ ဥပဒေမူကြမ်းတွေကို အတည်ပြုရာမှာ ပူးပေါင်းလုပ်ဆောင်ကြမယ်လို့ ကတိပြုလိုက်ကြပါတယ်။

၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအဖြစ် ရီပတ်ပလစ်ကန်ပါတီက လွှတ်တော် ၂ ရပ်စလုံးကို ထိန်းချုပ်ထားနိုင်တဲ့အထိ အနိုင်ရရှိခဲ့ပြီး နောက်တနေ့မှာ ဒီမိုကရက်သမ္မတ အိုဘားမား က တချို့ကိစ္စတွေမှာ ပြိုင်ဘက် နိုင်ငံရေးပါတီတွေအနေနဲ့ သဘောတူညီနိုင်တာတွေ ရှိတယ်ဆိုတာ သေချာပါတယ်လို့ ပြောဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင်ဖြစ်လာတော့မယ့် ကန်တကီ ရီပတ်ပလစ်ကန်အမတ် Mitch McConnell က နိုင်ငံတကာ ကုန်သွယ်ရေး သဘောတူညီမှုတွေ၊ အခွန်စည်းကြပ်မှု ပြင်ဆင်ရေး စတာတွေကို အတည်ပြုဖို့အတွက် သမ္မတနဲ့ ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ သဘောတူညီနိုင်တဲ့ ကိစ္စတွေကို ရှာဖွေကြဖို့ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့ကြတယ်လို့ ပြောပါတယ်။

ဒီရွေးကောက်ပွဲကပေးတဲ့ သတင်းစကားတခုကတော့ နိုင်ငံရေးအရ ကွဲလွဲမှုတွေရှိတဲ့ အစိုးရကြောင့် ဘာမှ ပြီးမြောက်အောင် လုပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး မသက်ရောက်စေဘူး ဆိုတာပါပဲလို့ မစ္စတာ McConnell က ပြောဆိုပါတယ်။

သမ္မတ အိုဘားမားကလည်း သူ့အနေနဲ့ ကွန်ဂရက်လွှတ်တော်နဲ့ ကျယ်ကျယ်ပြန့်ပြန့် သဘောတူနိုင်မယ့် အချက်တွေကို ရှာဖွေမှာ ဖြစ်တယ်၊ ဒါပေမဲ့ သူ့အနေနဲ့ လက်မှတ်မထိုးနိုင်တဲ့ ဥပဒေမူကြမ်းတွေကို ရီပတ်ပလစ်ကန်လွှတ်တော်က အတည်ပြုနိုင်ဖွယ် ရှိနေတယ်လို့ ပြောပါတယ်။ မစ္စတာ McConnell ကလည်း ဒါကို သဘောတူပါတယ်။ ရီပတ်ပလစ်ကန်ဘက်က တချို့ဥပဒေမူကြမ်းတွေကို သမ္မတက ဗီတိုအာဏာသုံးပြီး ပယ်ချလိမ့်မယ်လို့ ပြောဆိုပါတယ်။

XS
SM
MD
LG