သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို အကန့်အသတ်နဲ့တုံ့ပြန်ဖို့ အိုဘားမားစဉ်းစား


အစိုးရက ဓာတုလက်နက်အသုံးပြုမှုရှိနေကြောင်း အထောက်အထားတွေ့နေရတယ်ဆိုသော ဆီးရီးယားနိုင်ငံတွင်း ပဋိပက္ခအခြေအနေ။
အစိုးရက ဓာတုလက်နက်အသုံးပြုမှုရှိနေကြောင်း အထောက်အထားတွေ့နေရတယ်ဆိုသော ဆီးရီးယားနိုင်ငံတွင်း ပဋိပက္ခအခြေအနေ။
ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက်သုံးတိုက်ခိုက်တယ်လို့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီးတုံ့ပြန်တဲ့အနေနဲ့ အကန့်အသတ်နဲ့အရေးယူ တိုက်ခိုက်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ Barack Obama က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက် တစုံတရာတော့ အပြီးမချမှတ်သေးဘူးလို့ ဆိုပါတယ်။

ဆီးရီးယားအစိုးရဟာ ပြီးခဲ့တဲ့လတိုက်ခိုက်မှုမှာ ဓာတုအဆိပ်လက်နက်တွေ သုံးစွဲခဲ့တာကို အမေရိကန်ထောက်လှန်းရေး အချက်လက်တွေက ညွှန်ပြနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry သတင်းထောက်တွေကို ပြောကြားပြီး မကြာခင်မှာပဲ သမ္မတ အိုဘားမားက အခုလိုပြောခဲ့တာပါ။

ဆီးရီးယားနိုင်ငံ Damascus မြို့တော်နားမှာ ဖြစ်ပွားတဲ့တိုက်ခိုက်မှုအတွင်း ကလေးသူငယ် ၄၂၆ ယောက်အပါအဝင် အရပ်သား ၁၄၀၀ ကျော် သေဆုံးခဲ့ရပြီး ဒီတိုက်ခိုက်မှုမဖြစ်ပွားခင် သုံးရက်အလိုမှာ ဆီးရီးယား အစိုးရ ဓာတုလက်နက်ကိုင်တပ်ဖွဲ့ကို အဲဒီဒေသမှာ တွေ့ရကြောင်း အထောက်အထားတွေ ရခဲ့တယ်လို့ ဝန်ကြီး Kerry ကပြောပါတယ်။ ဒါ့အပြင် ပစ်ခတ်ခဲ့တဲ့ ရော့ကက်ဒုံးကျည်ဟာ ဆီးရီးယားအစိုးရတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာကလာတာဖြစ်ပြီး အတိုက်အခံတွေ ခြေကုပ်ယူထားတဲ့နေရာနဲ့ ဝန်းကျင်ကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဆီးရီးယားအရာရှိတွေက အဆိပ်ဓာတ်ငွေ့သုံး တိုက်ခိုက်တာကို အတည်ပြုကြောင်း ပြောကြားချက်တွေကို ကြားဖြတ်နားထောင်ထားတဲ့ အထောက်အထားတွေကိုပါ ထောက်လှန်းရေးအစီရင်ခံစာထဲမှာ တွေ့ရတယ်လို့ ဝန်ကြီး ကယ်ရီကပြောပါတယ်။

သမ္မတအိုဘားမားက စစ်တပ်ဘက်ကရော သူ့ရဲ့အမျိုးသားလုံခြုံရေး အဖွဲ့ဝင်တွေဆီကပါ သတင်းအချက်အလက်တွေကို ဆက်ယူနေပြီး အမေရိကန်လွှတ်တော်နဲ့ မဟာမိတ်နိုင်ငံတွေဆီက အကြံဉာဏ်တွေကိုပါ ယူနိုင်ဖို့ တိုင်ပင်နေတယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
XS
SM
MD
LG