သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား သမိုင်းဝင် ကျူးဘားခရီးစတင်


သမ္မတ အိုဘားမား ကျူးဘားခရီးစတင်
သမ္မတ အိုဘားမား ကျူးဘားခရီးစတင်

အမေရိကန်နဲ့ ကျူးဘားနိုင်ငံအကြား သံတမန် အဆက်အသွယ်တွေ ဖြတ်တောက်ပြီး ၅၅ နှစ်အကြာမှာ ဆက်ဆံတွေ ပုံမှန် ပြန်လည် တည်ဆောက်ပြီးတဲ့နောက် သမ္မတ Barack Obama ဟာ သမိုင်းဝင် ကျူးဘားနိုင်ငံခရီးစဉ်ကို တနင်္ဂနွေနေ့က စတင်လိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ တဦးအနေနဲ့ ကျူးဘားနိုင်ငံကို နှစ်ပေါင်း ၉၀ နီးပါး ကြာမှ ပြန်လည်ရောက်ရှိလာတဲ့ သမ္မတ အိုဘားမား စီးနင်း လိုက်ပါလာတဲ့ Air Force One လေယာဉ်ဟာ ဒေသစံတော်ချိန် ညနေ ၄ ခွဲအချိန်မှာ ဟာဗားနားမြို့တော် Jose Marti လေဆိပ်ကို ဆိုက်ရောက်သွားခဲ့တာပါ။ ခရီးစဉ်အတွင်း အမေရိကန် ကျူးဘား နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ မျှော်မှန်းချက်တွေကို သမ္မတအိုဘားမားက ကျူးဘားနိုင်ငံသားတွေကို ချပြသွားမှာလည်း ဖြစ်ပါတယ်။

သမ္မတ စီးနင်း လိုက်ပါလာတဲ့ Air Force One လေယာဉ်ပေါ်ကနေ သမ္မတ အိုဘားမား ဆင်းလာတဲ့အချိန်က ကောင်းကင်မှာ တိမ်တွေ ထူထပ်နေပြီး မိုးဖွဲဖွဲလေးလဲ ရွာနေတာပါ။

လေယာဉ်ပေါ်က မဆင်းက သမ္မတ အိုဘားမားက Que bola Cuba - ဆိုပြီး စပိန်ဘာသာစကားနဲ့ ကျူးဘားနိုင်ငံကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။ သူ့အနေနဲ့ ကျူးဘားနိုင်ငံသားတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ပြောကြားချက်တွေကို တိုက်ရိုက် နားထောင်ရဖို့ မျှော်လင့်ထားကြောင်းလည်း သမ္မတ အိုဘားမားက ပြောပါတယ်။

သမ္မတ အိုဘားမားနဲ့အတူ၊ သမ္မတကတော်၊ သမီး ၂ ယောက်နဲ့ ယောက္ခမကြီးပါ လိုက်ပါသွားကြတာဖြစ်ပြီး လေဆိပ်မှာ သူတို့ကို ကျူးဘား နိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ကြိုဆိုခဲ့ပါတယ်။ ကျူးဘားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ခံ Jeffrey DeLaurentis လည်း သမ္မတနဲ့ မိသားစုကို လေဆိပ်မှာ သွားရောက် ကြိုဆိုခဲ့ပါတယ်။

သမ္မတကတော် Michelle Obama ၊ သမီး ၂ ဦးဖြစ်ကြတဲ့ Sasha နဲ့ Malia တို့အပြင် Michelle Obama ရဲ့ မိခင် Marian Robinson တို့ကို လေဆိပ်မှာ ပန်းစည်းတွေ ဆက်သခဲ့ကြပါတယ်။

သမ္မတ အိုဘားမားဟာ သူနဲ့အတူ အမေရိကန်နိုင်ငံရေး ပါတီကြီး ၂ ခုစလုံးက လွှတ်တော်အမတ်တွေ၊ ကုမ္ပဏီ အကြီးအကဲတွေနဲ့ အထင်ကရ ကျူးဘား-အမေရိကန်နွယ်ဖွားတွေကို ခေါ်ဆောင်သွားတာပါ။

XS
SM
MD
LG