သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားရဲ့ မြန်မာနဲ့ ကျူးဘားခရီးစဉ် နှိုင်းယှဉ်


လာမယ့် မတ် ၂၁ ရက် ကျူးဘားနိုင်ငံကို သွားရောက်မယ့် သမ္မတအိုဘားမားရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အထီးကျန်ရပ်တည်တဲ့ နိုင်ငံတနိုင်ငံကို နှစ်ပေါင်း ၉၀ နီးပါးအတွင်း ပထမဆုံး သွားရောက်မယ့် အမေရိကန်သမ္မတရဲ့ သမိုင်းဝင်ခရီးစဉ်အဖြစ် သတ်မှတ် ပြောဆိုနေကြပါတယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့လည်း နှိုင်းယှဉ် ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒါပေမဲ့လည်း ကျူးဘားနိုင်ငံအရေးမှာ မြန်မာနိုင်ငံလို အပြောင်းလဲတွေ ပေါ်လာဖို့ မျှော်လင့်နိုင်ပါ့မလား၊ အမေရိကန်အရာရှိတွေကိုယ်တိုင် မတူညီမှုတွေကို လက်ခံထားကြတာကို ကိုသိန်းထိုက်ဦး စုစည်းတင်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ကျူးဘားနဲ့ပတ်သက်လို့ ကိုယ့်ဘက်က စေ့စပ်ဆွေးနွေးလိုတဲ့ ဆန္ဒ သိပ်စောပြီး အလျှော့ပေးသလို ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ရှိနေချိန်မှာပဲ သမ္မတအိုဘားမားရဲ့ ခရီးစဉ် ပေါ်ထွက်ခဲ့တာပါ။ သမ္မတအိုဘားမားကတော့ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ အခုလို ပြောဆိုထားပါတယ်။

“သမ္မတ Castro နဲ့ ကျနော်တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ဘယ်လို ဆက်ပြီး ပုံမှန်ဖြစ်နိုင်အောင် လုပ်ဆောင်မလဲ ဆွေးနွေးမှာဖြစ်ပါတယ်။ ဆွေးနွေးမယ့်အထဲမှာ ကုန်သွယ်ရေးလုပ်ငန်းတွေ ဘယ်လို လွယ်လွယ်ကူကူ လုပ်နိုင်မလဲ၊ ကျူးဘားပြည်သူတွေအနေနဲ့ အင်တာနက်ကို လွယ်လွယ်ကူကူ သုံးစွဲပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ ထူထောင်နိုင်ဖို့ ကိစ္စတွေလည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က သမ္မတ Castro နဲ့ တွေ့တဲ့အချိန်ကလည်း ကျနော် ဒီအတိုင်းပဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေ အပါအဝင် အမေရိကန် ပြည်ထောင်စုနဲ့ ကျူးဘားအစိုးရအကြား ကွဲလွဲချက်တွေ အလေးအနက် ရှိနေတာကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။”

ကျူးဘားနိုင်ငံကို သွားမယ့် သမ္မတအိုဘားမားရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ တံခါးဖွင့်လာခဲ့တဲ့အချိန်ကို အောက်မေ့ အမှတ်ရစရာ ဖြစ်စေပါတယ်ဆိုပြီး ဆောင်းပါးရှင် David Nakamura က နှိုင်းယှဉ်ရေးထားသားတဲ့ ဆောင်းပါးတပုဒ် ပြီးခဲ့တဲ့ ေဖော်ဝါရီလ ၁၈ ရက်နေ့က The Washington Post သတင်းစာမှာ ပါရှိခဲ့ပါတယ်။ ကျူးဘားနဲ့ မြန်မာ နှစ်နိုင်ငံ နှိုင်းယှဉ်ချက်နဲ့ ပတ်သက်လို့ အိမ်ဖြူတော် လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေး Ben Rohdes က ပြီးခဲ့တဲ့အပတ်က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ပြောဆိုချက်တွေနဲ့ ပတ်သက်လို့တော့ ကျနော့်အမြင် နှိုင်းယှဉ်လို့ရတာတွေ အများကြီးရှိပေမဲ့ ကွဲလွဲချက်တွေလည်း အများကြီးရှိနေတယ်လို့ ထင်ပါတယ်။ အဓိက နှိုင်းယှဉ်နိုင်တာက မြန်မာနိုင်ငံအပေါ်မှာရော ကျူးဘားအပေါ်မှာပါ ထိတွေ့ဆက်ဆံမှု မလုပ်တဲ့ မူဝါဒဟာ အလုပ်မဖြစ်ခဲ့ဘူး ဆိုတာပါ။ သမ္မတအိုဘားမား တာဝန်စယူခဲ့တဲ့အချိန်မှာ မြန်မာပြည်ဟာ အာဏာရှင်အစိုးရ လက်အောက်မှာပဲ ရှိခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူတော်တော်များများ ချုပ်နှောင်ခံနေရဆဲ ဖြစ်ပါတယ်။ စီးပွားအရေးကလည်း နိုင်ငံတကာနဲ့ ထိတွေ့မှုမရှိ အထီးကျန်နေတဲ့ အချိန်ဖြစ်ပါတယ်။”

နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးလာတာ၊ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပလာနိုင်ခဲ့တာတွေကို အောင်မြင်မှုတွေအဖြစ် Mr. Ben Rohdes က ပြောဆိုပါတယ်။

“ကျနော်တို့ရဲ့ အကဲဖြတ်ချက်က ပွဲပြီးတဲ့အထိ စောင့်မနေပဲ ဘာတွေ ဖြစ်နေတယ်ဆိုတာကို ရှာဖွေနိုင်ဖို့ ဖြစ်ပါတယ်။ ပွဲပြီးတဲ့အထိ စောင့်နေရင် ကျနော်တို့ကို ကျနော်တို့ ဘေးရောက်အောင် ကိုယ့်ဘာသာ လုပ်သလို ဖြစ်နေမယ်။ မြန်မာနိုင်ငံလို နိုင်ငံမျိုးကို သွားနိုင်ခဲ့တဲ့အတွက် ကျနော်တို့ လိုချင်တဲ့ အလေးထားတဲ့ ကိစ္စတွေကို တိုးပြီး ဆောင်ရွက်နိုင်ခဲ့တာတွေ ရှိပါတယ်။ သမ္မတအိုဘားမားအနေနဲ့ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ မြင့်မားလာအောင် နှိုးဆော်နိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုနဲ့ တစိမ်းပြင်ပြင် ဖြစ်နေတဲ့ နိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်ထူထောင်နိုင်ခဲ့ပါတယ်။”

ဒါပေမဲ့လည်း ကျူးဘားနဲ့ မြန်မာ နှစ်နိုင်ငံ နှိုင်းယှဉ်မယ်ဆိုရင် အရွယ်အစား၊ ဦးတည်ချက်နဲ့ နိုင်ငံရေးအရ မတူညီတာကို Mr. Ben Rhodes က ဝင်ခံပါတယ်။ နိုင်ငံရေးအခြေအနေ မတူညီမှုနဲ့ ပတ်သက်လို့

“မြန်မာနိုင်ငံမှာက ဒေါ်အောင်ဆန်းစုကြည်ရှိတယ်။ အကြီးအကျယ် ထင်ရှားတဲ့ အများသိတဲ့ အတိုက်အခံခေါင်းဆောင် ရှိနေတယ်။ ကျုးဘားမှာက တပါတီစနစ်သာ ရှိပြီး အတိုက်အခံကလည်း တချို့သာ ရှိနေတယ်။ နိုင်ငံရေးအခြေအနေက ကွဲလွဲပါတယ်။”

မြန်မာနဲ့ ကျူးဘားနိုင်ငံ အခြေအနေ မတူဘူးဆိုပြီး ဝေဖန်သူတွေထဲမှာ မိဘတွေ ကျူးဘားနိုင်ငံက ပြောင်းရွှေ့အခြေချခဲ့သူ၊ လက်ရှိ ရီပတ်ဘလီကန်ပါတီတွင်း သမ္မတလောင်းဖြစ်ဖို့ ယှဉ်ပြိုင်နေသူ တဦးဖြစ်တဲ့ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio လည်း ပါဝင်ပါတယ်။ သူက အမေရိကန်ပြည်ထောင်စုတင်မကပဲ ကျူးဘားအစိုးရဘက်ကလည်း ပြောင်းလဲလာဖို့ လိုတယ်လို့ မကြာသေးခင်က လူထုနဲ့ ဆွေးနွေးပွဲတခုမှာ အခုလို ပြောခဲ့တာပါ။

“ကျူးဘားနဲ့ အမေရိကန်ဆက်ဆံရေး ပြောင်းလဲလာတာကို ကျနော် နှစ်သက်ပါတယ်။ ဒါပေမဲ့ နှစ်ဘက်စလုံးက ပြောင်းလဲဖို့ လိုပါတယ်။ ကျူးဘားအစိုးရဘက်က မပြောင်းလဲပါဘူး။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ မှားယွင်းတဲ့ ချဉ်းကပ်မှုပါ” - လို့ Marco Rubio က ပြောသွားခဲ့တာပါ။

သမ္မတအိုဘားကတော့ ကျူးဘားခရီးစဉ်အတွင်း ကျူးဘားပြည်သူတွေ့ဆုံပြီး ၂၀၁၂ ခုနှစ်က ရန်ကုန်တက္ကသိုလ်မှာ မြန်မာပြည်သူတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေကို တွေ့ဆုံပြီး စကားပြောဆိုမှာ ဖြစ်ပါတယ်။ ကျူးဘားပြည်သူတွေနဲ့ အမေရိကန်ပြည်သူတွေအကြား တူညီတဲ့ တန်ဖိုးထားမှုတွေ နောက် ကျူးဘားပြည်သူတွေ မျှော်လင့်နေတဲ့ အခြေအနေတွေ အမှန်တကယ် ပေါ်ပေါက်လာအောင် အမေရိကန်ပြည်ထောင်စုက လက်တွဲဘက်အဖြစ် ကူညီဆောင်ရွက်သွားမှာတွေကို အသိပေးသွားမယ်ဆိုပြီး ကြိုတင် ပြောဆိုထားပါတယ်။

XS
SM
MD
LG