သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမားနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမား တွေ့ဆုံ

အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ အိမ်ဖြူတော်မှာ တွေ့ဆုံနေစဉ် (ဇူလိုင်လ ၁၆၊ ၂၀၁၁)၊ Official White House Photo by Pete Souza
အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ အိမ်ဖြူတော်မှာ တွေ့ဆုံနေစဉ် (ဇူလိုင်လ ၁၆၊ ၂၀၁၁)၊ Official White House Photo by Pete Souza

တိဘက်လူမျိုးတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ အရေးကြီးတယ်ဆိုတာကို တိဘက် ဘာသာရေး ခေါင်းဆောင်ကြီး ဒလိုင်းလားမား (Dalai Lama) နဲ့ အိမ်ဖြူတော်မှာ စနေနေ့ကတွေ့ဆုံစဉ်မှာ အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) က အလေးထား ပြောကြားခဲ့ပါတယ်။ တံခါးပိတ် တွေ့ဆုံ ဆွေးနွေးပွဲအပြီး အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သဘောထားကွဲလွဲမှုတွေကို ညှိနှိုင်းဖို့ ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ကိုယ်စားလှယ်တွေနဲ့ တရုတ်အစိုးရကြားမှာ တိုက်ရိုက်ဆွေးနွေးဖို့ လိုအပ်တယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ကြောင်း ဖော်ပြထားပါတယ်။

တိဘက်ကို တရုတ်ရဲ့ ဒေသတစိတ်တပိုင်းအဖြစ် သတ်မှတ်ထားတဲ့ အမေရိကန်ရဲ့ မူဝါဒကိုလည်း ထပ်မံ ပြောကြားခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။ သမ္မတ အိုဘားမားနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမား တို့ တွေ့ဆုံအပြီးမှာပဲ ဒီတွေ့ဆုံမှုဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်တယ်၊ တရုတ်လူမျိုးတွေရဲ့ ခံစားချက်ကို ထိခိုက်အောင်လုပ်တယ်၊ တရုတ်-အမေရိကန် ဆက်ဆံရေး ထိခိုက်အောင် လုပ်တယ်လို့ တရုတ်ကပြောပြီး အမေရိကန်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အမေရိကန်အနေနဲ့ တရုတ်ရဲ့ ရပ်တည်ချက်ကို အလေးထား စဉ်းစားသင့်ပြီး သူ့အဆို တရုတ်ဆန့်ကျင် ခွဲထွက်ရေးအဖွဲ့တွေကို အားပေးနေတာ ရပ်တန်းကရပ်ဖို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက တောင်းဆိုခဲ့ပါတယ်။ တိဘက်ကို တရုတ်နိုင်ငံထဲကနေ ခွဲထွက်အောင် ဘုန်းတော်ကြီး ဒလိုင်းလားမား က ဦးဆောင် ကြိုးပမ်းနေတာလို့ တရုတ်က စွပ်စွဲနေပြီး ဒီစွပ်စွဲချက်ဟာ မမှန်ဘူးလို့ ဘုန်းတော်ကြီး ဒလိုင်းလားမား က ငြင်းဆိုနေပါတယ်။

This item is part of
XS
SM
MD
LG