တိဘက်ဘုန်းတော်ကြီး Dalai Lama ကို အမေရိကန်သမ္မတ Barack Obama က ဒီကနေ့ သောကြာနေ့ အိမ်ဖြူတော်မှာ ဧည့်ခံတွေ့ဆုံဖို့ ရှိနေပါတယ်၊ တရုတ်အစိုးရဖက်က အလေးအနက် သတိပေးမှုရှိပေမဲ့ အမေရိကန် သမ္မတက တွေ့ဆုံတာဖြစ်ပါတယ်၊ လေးစားစရာ ဘာသာရေးခေါင်းဆောင် ယဉ်ကျေးမှု ဆိုင်ရာ ခေါင်းဆောင်တယောက်အနေနဲ့
ဘုန်းတော်ကြီး Dalai Lama ကို သမ္မတအိုဘားမားက တွေ့ဆုံမှာဖြစ်တယ်လို့
အိမ်ဖြူတော်က ကြာသပတေးနေ့ နှောင်းပိုင်းက ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံထဲမှာရှိနေတဲ့ တိဘက်လူမျိုးတွေအတွက်
အလယ်အလတ် ချဉ်းကပ်မှုလို့ ဆိုတဲ့ သီးခြားလွတ်လပ်ဖို့အတွက်လဲ မဟုတ် တသားထဲ အံဝင်ဖို့ အတွက်လဲ မဟုတ်တဲ့ ဘုန်းတော်ကြီး Dalai Lama ရဲ့
ရပ်တည်မှုဆောင်ရွက်မှုကို အမေရိကန်က ထောက်ခံတယ်လို့ အိမ်ဖြူတော်ရဲ့
ကြေညာချက်မှာ ဖော်ပြပါတယ်၊ ဒီတွေ့ဆုံမဲ့အစီအစဉ်ကို ဖျက်ဖို့
တရုတ်နိုင်ငံခြားရေးဌာနက အမြန်အဆန်ပဲ တိုက်တွန်းခဲ့ပါတယ်။
တရုတ် အမေရိကန် ဆက်ဆံရေး အတွက် အကြီးအကျယ် ထိခိုက်မဲ့ သံတမန်ရေးအရ အကျိုးဆက်တွေ ရှိလာနိုင်တယ် လို့ တရုတ် နိုင်ငံခြားရေး ဌာနပြောခွင့်ရသူက သတိပေးခဲ့တာပါ၊ 2010 နဲ့ 2011 ခုနှစ်တွေ တုန်းကလဲ သမ္မတအိုဘားမားနဲ့ ဘုန်းတော်ကြီး Dalai Lama တို့တွေ့ဆုံခဲ့ အပြီး တရုတ်အစိုးရဖက်က အလားတူခြိမ်းခြောက်မှုမျိုး လုပ်ခဲ့ဖူးပါတယ်။