အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ Ebola ရောဂါအရေးကိစ္စ ဆွေးနွေးဖို့အတွက် သူရဲ့ ခရီးသွားဖို့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး အစိုးရအဖွဲ့ အရေးပေါ် အစည်းဝေးတရပ်ကို ခေါ်ယူလိုက်ပါတယ်။
ဒီရောဂါပြဿနာ ကိုင်တွယ်ဖြေရှင်းရေးအတွက် လိုအပ်တာမှန်သမျှကို ပြည်ထောင်စုအစိုးရဘက်က ပြင်ဆင်ထားမှုတွေ သေချာစေဖို့ သမ္မတက လိုလားနေကြောင်း အိမ်ဖြူတော်ပြောခွင့်ရသူ John Earnest က ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ ဒုတိယမြောက် Ebola ရောဂါ ကူးစက်ခံထားရတဲ့ ကျန်းမာရေးဝန်ထမ်းတဦးဟာ ရောဂါလက္ခဏာ မပေါ်ခင်တရက်မှာ လေယာဉ်နဲ့ ပြည်တွင်းခရီးစဉ်တခုကို သွားရောက်ခဲ့တဲ့အကြောင်း သတင်းထွက်ပြီး မရှေးမနှောင်းမှာပဲ အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပခဲ့တာ ဖြစ်ပါတယ်။
အဲဒီကျန်းမာရေးဝန်ထမ်းဟာ Frontier Airline လေယာဉ်ခရီးစဉ်နဲ့ Cleveland, Ohio ကနေ Dallas-Fort Worth, Texas လေဆိပ်ကို သွားရောက်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဗဟိုအဖွဲ့ CDC က ပြောပါတယ်။
Ebola ရောဂါ ထိန်းချုပ်ရေးအစီအစဉ်အရ စောင့်ကြည့်ခံနေရဆဲ ဖြစ်သူတဦးကို အရပ်ဘက် ခရီးသွားလေယာဉ် တက်ရောက် စီးနင်းခွင့်မပြုဘူးလို့ CDC ညွှန်ကြားရေးမှူး Tom Frieden က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။