သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်မှာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှု စတင်ဖို့ အိုဘားမား တိုက်တွန်း


အီဂျစ်မှာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှု စတင်ဖို့ အိုဘားမား တိုက်တွန်း
အီဂျစ်မှာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှု စတင်ဖို့ အိုဘားမား တိုက်တွန်း

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ အီဂျစ်သမ္မတ မူဘာရက် အနေနဲ့ အီဂျစ်နိုင်ငံဟာ ကမ္ဘာမှာ အကြီးမားဆုံး အာရပ်နိုင်ငံကြီး ဖြစ်တာနဲ့အညီ ချောချောမွေ့မွေ့ အသွင်ကူးပြောင်းနိုင်ရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အခုအချိန်ကစပြီး ဆောင်ရွက်မှ ဖြစ်မယ်လို့ ပြောဆိုလိုက်ပါတယ်။

သမ္မတ အိုဘားမားက အီဂျစ်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဟာ အီဂျစ်နိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ဦးတည်မှ ဖြစ်မယ်လို့ အင်္ဂါနေ့ညက ရုပ်မြင်သံကြားကနေ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မနေ့ညက သမ္မတ မူဘာရက်ရဲ့ ရုပ်သံမိန့်ခွန်း ပြသအပြီးမှာ သမ္မတ အိုဘားမားက တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး သမ္မတ မူဘာရက်နဲ့ စကားပြောဆိုခဲ့ပါတယ်။ သမ္မတ အိုဘားမားဟာ သူ့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအဖွဲ့နဲ့ တနေ့လုံးလိုလို အစည်းအဝေး ကျင်းပခဲ့ပါတယ်။

သမ္မတ မူဘာရက် မိန့်ခွန်းမပြောခင်မှာ သမ္မတ အိုဘားမားက မူဘာရက် အနေနဲ့ နောက်ထပ် သမ္မတသက်တမ်း အရွေးမခံဖို့ တိုက်တွန်းခဲ့ပါတယ်။ အာဏာကို လက်မလွှတ်ဘဲ အရွေးခံဦးမယ်ဆိုရင် အနီးကပ်ဆုံး အာရပ် မဟာမိတ်ဖြစ်တဲ့ အီဂျစ်နိုင်ငံကို ပံ့ပိုးပေးနေတဲ့ အမေရိကန် အထောက်အပံ့တွေ ရုပ်သိမ်းမယ့်အထိ အကျိုးသက်ရောက်နိုင်တယ်လို့လည်း ဆိုပါတယ်။

သူ နောက်ထပ် အရွေးမခံသင့်ဘူးဆိုတဲ့ သမ္မတ အိုဘားမားရဲ့ အမှာစကားကို အီဂျစ်နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် သံအမတ်ကြီး ဖရန့် ဝစ်ဇ်နာ (Frank Wisner) ကတဆင့် အမှာစကား ပါးလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG