အမေရိကန်ပြည်ထောင်စုမှာ ရဲက ပစ်ခတ်လို့ အာဖရိကန်- အမေရိကန် ၂ ဦး သေဆုံးခဲ့ရမှု၊ နောက် ဒါးလက်စ် မြို့မှာ ချောင်းမြောင်း တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၅ ဦးတို့ ကျဆုံးခဲ့ရပြီးတဲ့နောက် ဒီသီတင်းပတ်ဟာ စိတ်ထိခိုက် နာကျင်ဖွယ် သီတင်းပတ်ဖြစ်ပါတယ်လို့ သမ္မတ အိုဘားမားက မှတ်ချက်ပြုပြောဆိုပြီး တုန်လှုပ်နေ တဲ့ အမေရိကန်ပြည်သူတွေကို နှစ်သိမ့်ဖို့ ကြိုးစားပါတယ်။
သမ္မတအိုဘားမားဟာ ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာကျင်းပတဲ့ နေတိုး ထိပ်သီးစည်းဝေးပွဲအတွင်း အဲဒီလို ပြောခဲ့ တာဖြစ်ပေမယ့် သတင်းစာရှင်းလင်းပွဲအတွင်း သူပြောသွားတာအများစုဟာ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပျက်နေတာတွေကိုပဲ အလေးပေး ပြောသွားတာပါ။
သမ္မတ အိုဘားမားဟာ ဥရောပခရီးစဉ်ကို တရက်လျှော့ပြီး တနင်္ဂနွေနေ့ညမှာ ဝါရှင်တန်ဒီစီမြို့ကို ပြန်လာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ မြို့တော်ဝန် Mike Rawlings ရဲ့ ဖိတ်ကြားချက်အရ Dallas မြို့ကို ရှေ့သီတင်းပတ် အစောပိုင်းမှာ သွားဖို့ စီစဉ်ထားတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ တချို့လူတွေ ပြောနေသလောက် စိတ်ဝမ်းကွဲနေတာမဟုတ်ဘူးလို့ အစချီပြီး သမ္မတ အိုဘားမားက သူ့ရဲ့ သတင်းစာရှင်းလင်းပွဲကို စတင်ခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူနည်းစု အသိုင်း အဝိုင်းတွေကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေအပါအဝင် တကယ့် လက်တွေ့ကြုံတွေ့နေရတဲ့ ပြဿနာ အခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ အခြေခံအုတ်မြစ်ပေါ်မှာ တိုင်းပြည်ကို တည်ထောင်ထားတာ ဖြစ်တယ်လို့ လည်း သမ္မတ အိုဘားမားက ပြောပါတယ်။ ဒါးလက်စမြို့က ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့သူကို သူ့အနေနဲ့ ဘယ်လို သတ်မှတ်မလဲလို့ မေးတာမှာတော့ အဲဒီလူဟာ စိတ်မနှံ့တဲ့သူတဦးဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြန်လည် ဖြေကြားခဲ့ပါတယ်။
ဒါးလက်စ်မြို့က ချောင်းမြောင်း ပစ်ခတ်ခဲ့သူ သေနတ်သမားဟာ အာဖရိကန် အမေရိကန်တွေကို ကိုယ်စားမပြု ဘူးလို့ သမ္မတက ပြောပါတယ်။
တချိန်တည်းမှာဘဲ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ပလီကန်ပါတီတို့က သမ္မတလောင်းဖြစ်ဖို့ သေချာသလောက် ဖြစ်နေကြတဲ့ ဟီလာရီ ကလင်တန်နဲ့ ဒေါ်နယ်လ် ထရမ့်ပ်တို့ကလည်း ဝမ်းနည်းကြေကွဲကြောင်း အသီးသီး ပြောဆိုကြသလို နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့နဲ့ ဒီလို အဖြစ်ဆိုးမျိုးတွေကနေ အမေရိကန်ပြည်သူတွေ လွတ်မြောက်စေဖို့ လုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုကြပါတယ်။ ဒါ့အပြင် နှစ်ဦးစလုံးတို့ကလည်း သူတို့ရဲ့ အရေးပါတဲ့ မဲဆွယ်စည်းရုံးပွဲတွေကို ဆိုင်းငံ့ထားပါတယ်။