သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပမှာ အမေရိကန် စစ်အင်အားဖြည့်တင်းဖို့ အိုဘားမား ကတိပေး


ဥရောပမှာရှိတဲ့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေအပေါ်မှာ အမေရိကန်အစိုးရက ထောက်ခံမှု ပေးသွားမယ်လို့ အမေရိကန်သမ္မတ Barack Obama က ပိုလန်နိုင်ငံမှာ ထပ်ပြီး အာမခံချက် ပေးခဲ့ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်အနေနဲ့ ရုရှားကို ခြိမ်းခြောက်ရန်ပြုဖို့ စိတ်မဝင်စားဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

သမ္မတနဲ့အတူ ခရီးထွက်နေတဲ့ ဗွီအိုအေအိမ်ဖြူတော်သတင်းထောက် Luis Ramirez က Warsaw မြို့တော်ကနေ အပြည့်အစုံ သတင်းပို့ထားတာကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ရုရှားနိုင်ငံရဲ့ ရန်ရှိနေချိန်မှာပဲ အရှေ့ဥရောပနဲ့ ဥရောပအလယ်ပိုင်းမှာ အမေရိကန်တပ်တွေ ထားရှိမှုကို အားဖြည့်ဖို့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ သုံးစွဲဖို့ အစီအစဉ်ကို သမ္မတ Barack Obama က ပိုလန်နိုင်ငံရောက်စဉ်မှာ ကြေညာခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ခရီးစဉ်ကို ဒီမှာစရတာက ပိုလန်နိုင်ငံရဲ့ လုံခြုံရေးအတွက် အမေရိကန်ရဲ့ ထောက်ခံမှုကို ပြသဖို့ဖြစ်ပါတယ်။ အလားတူ ဥရောပအလယ်ပိုင်းနဲ့ အရှေ့ဥရောပက အမေရိကန် မဟာမိတ်နိုင်ငံတွေရဲ့ လုံခြုံရေးဟာ အမေရိကန် လုံခြုံရေးအတွက် အုတ်မြစ်ဖြစ်သလို သိပ်လည်း အရေးကြီးလှပါတယ်။”

ကွန်ဂရက်လွှတ်တော်ကို ဒေါ်လာ ၁ ဘီလီယံ အတည်ပြုပေးဖို့ သမ္မတ အိုဘားမား တောင်းဆိုထားတဲ့ အစီအစဉ်အရ ဥရောပတလွှားမှာ စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်ဖို့၊ အမေရိကန်တပ်တွေနဲ့ လက်နက်ပစ္စည်းတွေကို ပိုပြီး လှည့်လည်ထားရှိနိုင်ဖို့ ဖြစ်ပါတယ်။ Georgia၊ Moldova နဲ့ Ukraine နိုင်ငံတွေရဲ့ စစ်ရေးစွမ်းအင် တိုးမြှင့်စေဖို့နဲ့ ပင်လယ်နက်နဲ့ Baltic ပင်လယ်ထဲမှာ နေတိုးအဖွဲ့ ရေတပ်တွေ ဖြန့်ချထားမှုမှာ အမေရိကန်တပ်တွေ ပိုပြီး ပါဝင်နိုင်ဖို့အတွက်ကိုလည်း အာရုံစိုက်မှာ ဖြစ်ပါတယ်။

Ukraine နဲ့ပတ်သက်လို့ ရုရှားနိုင်ငံရဲ့ ဆောင်ရွက်မှုတွေကြောင့် ပိုလန်နိုင်ငံကလည်း သူ့ရဲ့ စစ်တပ်အင်အားကို တိုးချဲ့မယ်လို့ ပိုလန်သမ္မတ Bronislaw Komorowski ကလည်း ပြောကြားခဲ့ပါတယ်။ သမ္မတ အိုဘားမားကတော့ ရုရှားနဲ့ ပဋိပက္ခ မဖြစ်ချင်ဘူးဆိုတာကို အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့က ရုရှားနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထားရှိချင်ပါတယ်။ ရုရှားအပေါ် ခြိမ်းခြောက်ဖို့ကိုလည်း စိတ်မဝင်စားပါဘူး။ ရုရှားရဲ့ နယ်နမိတ်တလျှောက် ဖြစ်နေတာတွေက သူ့ရဲ့အကျိုးစီးပွားနဲ့လည်း သက်ဆိုင်နေတယ်။ Ukraine နဲ့လည်း ဟိုးအရင်ထဲက သမိုင်းဝင် ဆက်ဆံရေး ရှိခဲ့တယ်ဆိုတာကို အမေရိကန်က လက်ခံပါတယ်။ ဒါပေမဲ့ ပိုင်နက်တည်တံ့ခိုင်မြဲရေးနဲ့ အချုပ်အခြာအာဏာကို မထိပါးသင့်ဘူးဆိုတဲ့ မူအပေါ်မှာလည်း ကျွန်တော်တို့က ယုံကြည်ပါတယ်။”

ပိုလန်နိုင်ငံမှာ ကွန်မြူနစ်အုပ်ချုပ်မှုစနစ်ကို အဆုံးသပ်စေခဲ့တဲ့ အလုပ်သမားသမဂ္ဂတွေရဲ့ Solidarity လှုပ်ရှားမှုနဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့မှု နှစ်ပတ်လည်အခမ်းအနားကို ဗုဒ္ဓဟူးနေ့မှာ သမ္မတ အိုဘားမား တက်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အင်အားကြီး ၇ နိုင်ငံ ထိပ်သီး စည်းဝေးပွဲအတွက် Belgium နိုင်ငံ Brussels မြို့တော်ကို ခရီးဆက်ပါလိမ့်မယ်။

ဒုတိယကမ္ဘာစစ်မှာ နာဇီတပ်တွေကို အနိုင်ရဖို့ အဓိကျခဲ့တဲ့ ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေကို မဟာမိတ်တပ်တွေ ရောက်ရှိနိုင်ခဲ့တဲ့ D Day နေ့ အနှစ် ၇၀ ပြည့် အခမ်းအနားတက်ရောက်ဖို့လည်း ပြင်သစ်နိုင်ငံကို သမ္မတအိုဘားမား ဆက်သွားမှာ ဖြစ်ပါတယ်။
XS
SM
MD
LG