သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်မှု ကြိုးပမ်းသူတွေနဲ့အတူ အမေရိကန်ရပ်တည်


ကမ္ဘာကြီးအနေနဲ့ လွတ်မြောက်မှုကို ရုန်းကန်ရှာဖွေနေကြတဲ့သူတွေနဲ့ တသားတည်း ရပ်တည်သွားရမယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ပြောဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ကွန်မြူနစ်အုပ်ချုပ်မှုတွေကို အဆုံးသတ်စေခဲ့တဲ့ အစလှုပ်ရှားမှုဖြစ်တဲ့ ပိုလန်ရွေးကောက်ပွဲနဲ့ အခု ယူကရိန်းနိုင်ငံမှာ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ယှဉ်ပြီး ပြောဆိုခဲ့တာပါ။

လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်တုန်း ပိုလန်မှာ ပထမဆုံးအကြိမ် လုပ်သွားတဲ့ တစိတ်တပိုင်းအားဖြင့် လွတ်လပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်မြောက်မှုအတွက် အပြတ်အသတ် အနိုင်ရစေခဲ့တယ်လို့ သမ္မတ အိုဘားမားက ဝါဆောမြို့မှာလုပ်တဲ့ လွတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပြောပါတယ်။

အခုဆိုလည်း ယူကရိန်းမှာဖြစ်နေတဲ့ သူ့အဆို ရုရှားရဲ့ မရိုးသားတဲ့နည်းကို ဆန့်ကျင်ဖို့ လွတ်လပ်တဲ့ ကမ္ဘာကြီးဟာ တညီတညွတ်တည်း ရှိနေကြတယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။ ယူကရိန်းရဲ့ Crimea ဒေသကို ရုရှားတပ်တွေက မကြာခင်ကပဲ ထိန်းချုပ်ထားလိုက်တာပါ။

ပိုလန်ကနေတဆင့် သမ္မတ အိုဘားမားဟာ အခု ဘယ်လ်ဂျီယံနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ အဲဒီမှာတော့ စက်မှုထိပ်သီး ၇ နိုင်ငံခေါင်းဆောင်တွေနဲ့ သမ္မတ အိုဘားမား ညစာစား ဆွေးနွေးပွဲလုပ်ခဲ့သလို၊ ကြာသပတေးနေ့ကျရင်လည်း နောက်ထပ် စည်းဝေးမှုတွေ လုပ်ဦးမှာ ဖြစ်ပါတယ်။

ယူကရိန်း Crimea ဒေသကို ရုရှားက ဝင်ရောက် ကျူးကျော်ခဲ့တာကြောင့် ရုရှားမှာလုပ်မယ့် စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေးကို ကျန်စက်မှု ထိပ်သီးနိုင်ငံတွေက သပိတ်မှောက်ခဲ့ပြီးနောက်၊ အခု ဘယ်လ်ဂျီယံမှာ သီးခြား ဆွေးနွေးပွဲလုပ်ဖို့ အလျှင်အမြန် စီစဉ်ခဲ့ကြတာပါ။ သမ္မတ အိုဘားမားဟာ အခု သောကြာနေ့ကျရင်တော့ ပြင်သစ်နိုင်ငံ နော်မန်ဒီမှာလုပ်မယ့် D-Day ဒုတိယကမ္ဘာစစ် မဟာမိတ်တွေ စစ်အောင်နိုင်မှု အခမ်းအနားကိုလည်း တတ်ရောက်ပြီး မိန့်ခွန်းပြောဖို့ ရှိနေပါတယ်။
XS
SM
MD
LG