အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး မိတ်ဖက်နိုင်ငံတွေရဲ့ သာယာဝပြောရေးဟာ အမေရိကန်နဲ့ ဆက်စပ်နေပြီး ကမ္ဘာ့စီးပွားရေး ပြန်လည် နာလန်ထူလာစေဖို့ အတွက်လည်း အတူတကွ ပူးပေါင်း ဆောင်ရွက်ရလိမ့်မယ်လို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောဆိုလိုက်ပါတယ်။
G-20 လို့ သိကြတဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ ခေါင်းဆောင်တွေထံ ဗုဒ္ဓဟူးနေ့က ပေးပို့တဲ့ သတင်းစကားကို သမ္မတက ထုတ်ပြန်လိုက်ရာမှာ အခုလို ပြောဆိုလိုက်တာပါ။
G-20 အဖွဲ့ဟာ ဒီကနေ့ ကြာသပတေးနေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ တွေ့ဆုံသွားကြဖို့ ရှိပါတယ်။
စီးပွားရေး ဖွံ့ဖြိုးမှုတွေ ခိုင်ခိုင်မာမာ ပြန်လည်ရရှိစေဖို့နဲ့ ကမ္ဘာ့ဈေးကွက် တည်ငြိမ်စေရေး အမေရိကန် ပြည်ထောင်စုက ဆောင်ရွက်ရမယ့် အပိုင်းတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ သမ္မတက စာထဲမှာ ဖော်ပြလိုက်တာပါ။
ဒီလို ရည်မှန်းချက်တွေ အထမြောက်စေဖို့ အမေရိကန် ပြည်ထောင်စုက အရေးအကြီးဆုံး ဆောင်ရွက်နိုင်တာကတော့ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ဖန်တီးပြီး ၀င်ငွေတွေ တိုးတက်လာအောင် စီးပွားရေး နာလန်ထူမှုအတွက် အရှိန်မြှင့် ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ကုန်သွယ်ရေး ပိုငွေပြနေတဲ့ နိုင်ငံတွေက ၀ယ်လိုအားတွေ တိုးမြှင့်တာ၊ ကုန်သွယ်ရေး လိုငွေပြနေတဲ့ နိုင်ငံတွေမှာ ငွေကြေးစုဆောင်းမှုတွေ တိုးမြှင့်တာတွေက ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုတွေ ခိုင်မာစေလိမ့်မယ်လို့လည်း သမ္မတ အိုဘားမားက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။