သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican တွေ ခြိမ်းခြောက်မှု အောက် ဆွေးနွေးဖို့ အိုဘားမား ငြင်းဆို


သမ္မတအိုဘားမားက ပြည်ထောင်စုအစိုးရ အရေးပေါ် စီမံခန့်ခွဲမှုဌာန (FEMA) ၌ မိန့်ခွန်းပြောကြားစဉ်။ (အောက်တိုဘာ ၇၊ ၂၀၁၃)။
သမ္မတအိုဘားမားက ပြည်ထောင်စုအစိုးရ အရေးပေါ် စီမံခန့်ခွဲမှုဌာန (FEMA) ၌ မိန့်ခွန်းပြောကြားစဉ်။ (အောက်တိုဘာ ၇၊ ၂၀၁၃)။
အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းနေရတဲ့အခြေအနေ အဆုံးသတ်ဖို့ ဒါမှမဟုတ် အစိုးရအနေနဲ့ချေးယူနိုင်တဲ့ ငွေပမာဏ သတ်မှတ်ချက် ကို တိုးမြှင့်ပေးရေးကိစ္စတွေနဲ့ပတ်သက်ပြီး ရီပတ်ပလင်ကန်တွေဘက်က ခြိမ်းခြောက်မှုတွေအပေါ် သူ့အနေနဲ့ ညှိနှိုင်းသွားမှာမဟုတ်ဘူးလို့ သမ္မတအိုဘားမားက ပြောလိုက်ပါတယ်။

FEMA လို့ခေါ်တဲ့ ပြည်ထောင်စုအရေးပေါ်အခြေအနေစီမံခန့်ခွဲရေးအေဂျင်စီက ဝန်ထမ်းတွေကို သမ္မတအိုဘားမားက တနင်္လာနေ့မှာ ပြောဆိုသွားတာပါ။ အစိုးရဝန်ထမ်းတွေကို လျှော့ဖို့ရင်ဆိုင်နေရတဲ့ အစိုးရရုံးတွေထဲမှာ FEMA လည်း တခုအပါဝင်ဖြစ်ပါတယ်။

ပါတီအယူအဆစွဲကိုအခြေခံတဲ့တောင်းဆိုချက်တွေကို စွန့်လွှတ်ပြီး အစိုးရ လုပ်ငန်းတွေ ရပ်နားလိုက်ရတာကြောင့်ကြုံလာရတဲ့ အကြပ်အတည်းတွေကို လွန်မြောက်အောင် ဆောင်ရွက်ဖို့ သမ္မတအိုဘားမားက ရီပတ်ဘလီကန်တွေကို တိုက်တွန်းတောင်းဆိုပါတယ်။ လွှတ်တော်အနေနဲ့ ပူးတွဲဆုံးဖြတ်ချက် မပါဘဲ အစိုးရအသုံးစရိတ်သက်သက်ကို အတည်ပြုပြီးမှာသာ ကျယ်ပြန်တဲ့ ငွေကြေး ဆိုင်ရာအသုံးစရိတ်ကိစ္စတွေအပေါ် ရီပတ်ဘလီကန်တွေနဲ့ ဆွေးနွေးသွား လိုတယ်လို့ သမ္မတအိုဘားမားက ထပ်ပြောပါတယ်။

အောက်လွှတ်တော် ဥကဋ္ဌဖြစ်သူ ရီပတ်ဘလီကန်အမတ် John Boehner ကတော့ ဆွေးနွေးမှုတွေကို ငြင်းဆန်ပြီး စီးပွားရေးကမောက်ကမ အခြေအနေ ဆိုးဖြစ်အောင် လုပ်နေသူဟာ သူတို့ရီပတ်ဘလီကန်တွေမဟုတ်ဘဲ သမ္မတကြောင့်ဖြစ်တာလို့ ပြန်လည်တုံ့ပြန်ထားပါတယ်။ အမေရိကန်အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းနေရတာဟာ အခု အင်္ဂါနေ့မှာဆိုရင် ဒုတိယသီတင်းပတ်ဝင်လာပြီဖြစ်ပေမယ့်လို့ အဖြေရမယ့် လမ်းစမတွေ့ရသေးပါဘူး။
XS
SM
MD
LG