သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား နယူးယောက်ခ် Ground Zero မှာ လွမ်းသူ့ပန်းခွေချ


သမ္မတ အိုဘားမား Ground Zero တွင် လွမ်းသူ့ပန်းခွေချနေစဉ်။ မေ ၅၊ ၂၀၁၁။
သမ္မတ အိုဘားမား Ground Zero တွင် လွမ်းသူ့ပန်းခွေချနေစဉ်။ မေ ၅၊ ၂၀၁၁။

အမေရိကန် အထူးတပ်ဖွဲ့တွေက အယ်လ်ခိုင်းဒါး (al-Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) ကို အသေဖမ်းမိခဲ့ပြီး ၄ ရက်အကြာမှာ သမ္မတ အိုဘားမား (Barack Obama) ဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေကို အမှတ်တရ ဂုဏ်ပြုတဲ့ အနေနဲ့ နယူးယောက်ခ်မြို့ကို သွားရောက်ခဲ့ပါတယ်။ အရင်တုန်းက World Trade Center မိုးမျှော် တိုက်ညီနောင်ကြီး တည်ရှိခဲ့ရာ အခု Ground Zero လို့ ခေါ်ကြတဲ့ မြေပြင်သက်သက်သာ ကျန်ရစ်တဲ့ နေရာကို မစ္စတာ အိုဘားမားဟာ သမ္မတ တဦး အနေနဲ့ ပထမဆုံး သွားရောက်ခဲ့တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ကန့်တ် ကလိုင်း (Kent Klein) အိမ်ဖြူတော်ကနေ သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

World Trade Center မိုးမျှော် ညီနောင် အဆောက်အဦးကြီး ပြိုကျပျက်စီးပြီး ၁၀ နှစ်နီးပါး အကြာမှာ သမ္မတ အိုဘားမား အဲဒီနေရာကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ သေဆုံးခဲ့ရတဲ့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေရဲ့ မိသားစုတွေ၊ World Trade Center မှာ ရှိနေခဲ့ကြလို့ သေဆုံးခဲ့ကြရသူတွေရဲ့ မိသားစုတွေကို သမ္မတ အိုဘားမား အားပေး နှုတ်ဆက်ခဲ့ပါတယ်။

အိုစမာ ဘင်လာဒင်ရဲ့ အယ်လ်ခိုင်းဒါး အကြမ်းဖက် အဖွဲ့က အမေရိကန် ခရီးသည်တင် လေယာဉ်တွေကို အပိုင်စီးပြီး အထပ်ပေါင်း ၁၁၀ ရှိတဲ့ World Trade Center မိုးမျှော် ညီနောင် အဆောက်အဦးကြီး ၂ ခုကို ဝင်တိုက်ခဲ့လို့ ပြားပြားဝပ် ပြိုကျ ပျက်စီးခဲ့ရပါတယ်။ အဲဒီ မိုးမျှော် တိုက်ညီနောင်ရှိတဲ့ နေရာမှာ အခု မြေပြင်သာ ကျန်တော့တဲ့အတွက် Ground Zero သုံညမြေပြင်ရယ်လို့ ခေါ်ဝေါ်နေကြတာ ဖြစ်ပါတယ်။

သမ္မတက အဲဒီ Ground Zero နေရာကို မသွားမီ နယူးယောက်ခ်မြို့ မင်ဟက်တန်မြို့က မီးသတ်သမား ၁၅ ယောက်စလုံး စက်တင်ဘာ ၁၁ ရက်နေ့က အရေးပေါ် ကယ်ဆယ်ရင်း သေဆုံးခဲ့ရတဲ့ မီးသတ်ဌာနကို အရင်ဆုံး သွားခဲ့ပါတယ်။ အဲဒီ မီးသတ်စခန်း နံရံတခုလုံးမှာ သေဆုံးခဲ့ရသူ အာဇာနည် မီးသတ်သမားတွေရဲ့ ဓာတ်ပုံတွေ၊ သူတို့မိသားစုတွေရဲ့ မှတ်တမ်း အမှာစကားတွေ အပြည့် ကပ်ထားတာကို သမ္မတ အိုဘားမားက သေသေချာချာ ကြည့်ရှုခဲ့ပါတယ်။ အဲဒီ မီးသတ်စခန်းမှာပဲ မီးသတ်သမားတွေနဲ့အတူ သမ္မတ အိုဘားမား နေ့လယ်စာ စားသုံးရင်း သူတို့ဟာ နေ့စဉ်နဲ့အမျှ သူရဲကောင်းတွေပါပဲလို့ ချီးမွမ်းလိုက်ပါတယ်။

အိုစမာ ဘင်လာဒင် သေဆုံးမှုဟာ ၂၀၀၁ ခုနှစ်က သေဆုံးခဲ့ရတဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက် ရဲဘော်ရဲဘက်တွေအတွက် စိတ်ပြေရာပြေကြောင်း ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း သမ္မတ အိုဘားမားက အခုလို ပြောပါတယ်။

“တနင်္ဂနွေနေ့က ရခဲ့တဲ့ အောင်မြင်မှုဟာ သတ္တိရှိတဲ့ ကျနော်တို့ စစ်တပ်နဲ့ ထူးချွန်ပြောင်မြောက်တဲ့ ကျနော်တို့ ထောက်လှမ်းရေး အဖွဲ့တွေရဲ့ စွမ်းဆောင်မှုတွေကြောင့်ပါပဲ။ ကျနော်တို့က ဘယ်တော့မှ မေ့မပစ်ပါဘူးလို့ ပြောခဲ့သလို တကယ်လက်တွေ့ အကောင်အထည် ဖော်ပြနိုင်တယ် ဆိုတာကို အမေရိကန် ပြည်တွင်းမှာသာမက တကမ္ဘာလုံးကိုပါ အမှာစကား ပါးလိုက်တာလည်း ဖြစ်ပါတယ်။”

သမ္မတ အိုဘားမားက နယူးယောက်ခ် မီးသတ်စခန်းကို အခုလို သွားရောက် အားပေးခဲ့တာဟာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က အသက်စွန့်လွှတ်ခဲ့ကြတဲ့ အရေးပေါ် မီးသတ်သမားတွေကို စာနာမှုနဲ့ ဂုဏ်ယူတယ် ဆိုတာကို သရုပ်ဖော် ပြလိုက်တာပဲလို့ နယူးယောက်ခ် မီးသတ်ဌာန အကြီးအကဲ အက်ဒ်ဝါ့ဒ် ခေးလ်ဒပ်ဖ် (Edward Kilduff) က အခုလို ပြောပါတယ်။

“သူ ဒီကိုလာပြီး စက်တင်ဘာ ၁၁ ရက်မှာ သေဆုံးခဲ့ကြတဲ့ မီးသတ်သမားတွေရဲ့ ရုပ်ပုံတွေကိုကြည့်ရင်း သူတို့ကို ဂုဏ်ပြုထားတဲ့ အထိမ်းအမှတ် သင်္ကေတတွေကိုပါ တွေ့ရတော့ သူလည်း အတော်လေး စိတ်မကောင်း ဖြစ်သွားပုံ ရပါတယ်။ သူတို့တတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေနဲ့ မီးသတ်သမားတွေ ပြောပြတဲ့ အဲဒီနေ့က စွန့်စားခန်းတွေ နားထောင်ရတော့ သမ္မတလည်း ရှင်းရှင်းလင်းလင်း နားလည် ခံစားသွားတာကို ကျနော် တွေ့လိုက်ရပါတယ်။”

အဲဒီမီးသတ်စခန်းကနေ မင်ဟက်တန်အောက်ပိုင်း ရဲစခန်းကိုလည်း သမ္မတ အိုဘားမား သွားရောက်ခဲ့ပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့က နယူးယောက်ခ် ရဲတပ်ဖွဲ့ရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်တွေကိုလည်း ကျေးဇူးတင် ဂုဏ်ယူတဲ့အကြောင်း ပြောပါတယ်။

အိုစမာ ဘင်လာဒင်ကို အသေဖမ်းမိတာဟာ သူတို့တတွေ နေ့စဉ် ဆောင်ရွက်နေတာတွေနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

World Trade Center မှာ စက်တင်ဘာ ၁၁ ရက်နေ့က သေဆုံးခဲ့သူတွေအတွက် လွမ်းသူ့ပန်းခွေချ တမိနစ်တာ ငြိမ်သက်ခြင်း အခမ်းအနားမှာ သမ္မတ အိုဘားမား ပါဝင် အလေးပြုခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဒု-သမ္မတ ဂျိုး ဘိုင်ဒန် (Joe Biden) လည်း စက်တင်ဘာ ၁၁ ရက်နေ့က ၁၈၄ ဦး သေဆုံးခဲ့ရတဲ့ ပင်တဂွန် စစ်ဌာနချုပ်မှာ အမှတ်တရ ဂုဏ်ပြုပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့က အမေရိကန် ခရီးသည်တင် လေယာဉ်ကို အပိုင်စီးပြီး ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ဘေးဘက်ကို ဝင်တိုက်ခဲ့ပါတယ်။

သမ္မတ အိုဘားမားက နယူးယောက်ခ်မှာ အဲဒီ စက်တင်ဘာ ၁၁ ရက်က သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေအနက် မိသားစု ၆၀ ခန့်ကို တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။ အခု အဲဒီ Ground Zero နေရာမှာ အမျိုးသား စက်တင်ဘာ ၁၁ ရက် အမှတ်တရ ပန်းခြံကြီးနဲ့ Freedom Tower လို့ခေါ်တဲ့ လွတ်လပ်ရေး မျှော်စင်ကြီးကို ဆောက်လုပ်နေပါပြီ။ အဲဒီ Freedom Tower လွတ်လပ်ရေး မျှော်စင်ကြီးကို အမေရိကန် ပြည်ထောင်စု လွတ်လပ်ရေး ရခဲ့တဲ့ ၁၇၇၆ ခုနှစ်ကို ဂုဏ်ပြုပြီး အမြင့် ၁၇၇၆ ပေရှိအောင် ဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။

XS
SM
MD
LG