သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများ လုံခြုံရေး အိုဘားမား အခိုင်အမာ အာမခံ


ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများ အရေး အိုဘားမား ဆွေးနွေး။ (မေ ၁၄၊ ၂၀၁၅)
ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများ အရေး အိုဘားမား ဆွေးနွေး။ (မေ ၁၄၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စုဟာ ပင်လယ်ကွေ့ဒေသ မဟာမိတ်နိုင်ငံတွေရဲ့လုံခြုံရေး အတွက် မပြောင်းလဲနိုင်တဲ့ သန္နိဋ္ဌာန်ချမှတ်ထားကြောင်း၊ အဲဒီနိုင်ငံတွေအပေါ် ခြိမ်းခြောက်လာပြီဆိုရင် စစ်အင်အားအသုံးပြုဖို့ စဉ်းစားမှာ ဖြစ်ကြောင်း သမ္မတ ဘရာ့ခ် အိုဘားမားက ပြောလိုက်ပါတယ်။

ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခေါင်းဆောင် ၆ ဦးနဲ့ အကြီးတန်း ဝန်ကြီးတွေတက်ရောက်တဲ့ ထိပ်သီးအစည်းအဝေးကို ဝါရှင်တန်မြို့တော်မြောက်ဘက်က Camp David သမ္မတ အပန်းဖြေစခန်းမှာ မစ္စတာအိုဘားမားက အိမ်ရှင်အဖြစ် ကြာသပတေးနေ့က လက်ခံကျင်းပတာပါ။

ပင်လယ်ကွေ့ဒေသဟာ သူမတူတဲ့ အပြောင်းအလဲတွေ၊ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ မစ္စတာ အိုဘားမားကပြောပါတယ်။ ထိပ်သီးအစည်းအဝေးတက်ရောက်လာတဲ့ ပင်လယ်ကွေ့ဒေသ ခေါင်းဆောင် ခြောက်ဦးဟာ သူတို့နိုင်ငံတွေရဲ့လုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်ကို သမ္မတ အိုဘားမားဆီက လိုချင်ကြတာပါ။

ခြိမ်းခြောက်မှုအမျိုးမျိုးကို ပင်လယ်ကွေ့နိုင်ငံတွေ ရင်ဆိုင်နိုင်စေရေး ကူညီဖို့ အမေရိကန်ပြည်ထောင်စုက တိုးမြှင့်ပြီး ကြိုးစားသွားမယ်လို့ မစ္စတာအိုဘားမားကပြောပါတယ်။ အဲဒီထဲမှာ စစ်ရေးလေ့ကျင့်ခန်းတွေ ပိုလုပ် တာ၊ ဒုံးကျည်ကာကွယ်ရေးစနစ် တည်ဆောက်ဖို့နဲ့ ချက်ခြင်း တုန့်ပြန်လုပ်ဆောင်နိုင်စွမ်းတွေအတွက် အကူအညီပေးတာတွေ ပါဝင်ဖွယ်ရှိပါတယ်။

ပင်လယ်ကွေ့နိုင်ငံတွေရဲ့ အဓိကပြိုင်ဘက် အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား နျူကလီးယားအရေး သဘောတူညီချက်ကနေ အီရန်အပေါ် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေ လျော့သွားပြီး အီရန် နိုင်ငံဟာ ပိုပြီး ရန်လိုတဲ့ ဒေသတွင်းအင်အားကြီးနိုင်ငံတခု ဖြစ်လာမှာကို ပင်လယ်ကွေ့နိုင်ငံတွေက စိုးရိမ်နေကြ တာပါ။

XS
SM
MD
LG