သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား အမေရိကန် လူဝင်မှု ပြုပြင်ပြောင်းလဲရေး တိုက်တွန်း


အမေရိကန် လူဝင်မှု ကြီးကြပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေး အရေးတယူ ဆောင်ရွက်ကြဖို့အတွက် သမ္မတ အိုဘားမားက ဆော်သြလိုက်ပါတယ်။ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးစနစ်ဟာ ပျက်စီး ယိုယွင်းနေတာကြောင့် ပြည့်ပြည့်စုံစုံ ပြုပြင် ပြောင်းလဲပစ်ဖို့ လိုအပ်နေပြီလို့ သမ္မတ အိုဘားမားက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား မနှစ်က သမ္မတတာဝန် ယူပြီးချိန်ကစလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့က ပထမဆုံးအကြိမ် မိန့်ခွန်းပြောဆိုရင်း မေတ္တာရပ်ခံလိုက်တာပါ။

နိုင်ငံရေး အနေအထားနဲ့ အထူး အကျိုးစီးပွားတွေကို လုံးပန်းနေကြတာကြောင့် လူဝင်မှု ပြုပြင်ပြောင်းလဲရေး ကိစ္စဟာ ဓားစာခံလို ချောင်ပိတ်မိနေကြောင်း ပါတီနှစ်ရပ်စလုံးက ဒီကိစ္စကို ထောက်ခံကြဖို့အတွက် သမ္မတက မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။

ကွန်ဂရက်စ် လွှတ်တော် အနေနဲ့ ဘယ်ပုံဘယ်နည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ် ဆိုတာကို အထောက်အကူ ဖြစ်စေနိုင်တဲ့ အဆိုပြုချက် အသစ်တွေကိုတော့ သမ္မတက ကမ်းလှမ်းတာ မရှိပါဘူး။ စိတ်ဓာတ်ရေးရာအရ အရေးပါတာကြောင့် ဒီစနစ်ကို လုံးဝ ပြုပြင်ပြောင်းလဲပစ်ဖို့ လိုအပ်နေပြီလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အမေရိကန် နယ်စပ်ဒေသတကျော လုံခြုံရေး တိုးချဖို့ အပါအ၀င် တရားမ၀င် အလုပ်သမား ငှားရမ်းတဲ့ လုပ်ငန်းရှင်တွေကို နှိပ်ကွပ်ဖို့ လူဝင်မှုစနစ် ဥပဒေရေးရာ ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန် ပြည်ထောင်စု အနေနဲ့ သေသေချာချာ ပြီးပြည့်စုံတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ချဉ်းကပ်ရလိမ့်မယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ခြံစည်းရိုး တံတိုင်းတွေနဲ့ နယ်စပ်ဒေသ ကင်းလှည့်ရုံနဲ့တော့ ပြဿနာ မပြေလည်နိုင်ကြောင်း၊ တရားမ၀င် ရောက်ရှိနေကြတဲ့ လူဦးရေ ၁၁ သန်းခန့်ကို တနေ့မှာ နိုင်ငံသားတွေ ဖြစ်လာအောင် နည်းလမ်းသစ်တွေ ဖန်တီးပေးသင့်တယ်လို့လည်း သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG