သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား ကျမ်းသစ္စာကျိန်ဆိုပွဲ လူထု ၈ သိန်းတက်ရောက်


သမ္မတနဲ့ သမ္မတကတော်တို့ လွှတ်တော်ရှေ့ ကျန်းသစ္စာကျိန်ဆိုပွဲမှ အိမ်ဖြူတော်သို့ အပြန်လမ်းမှာ လူထုကို လမ်းလျှောက်နှုတ်ဆက်စဉ်။ (၀၁၊၂၁၊၁၃။)
သမ္မတနဲ့ သမ္မတကတော်တို့ လွှတ်တော်ရှေ့ ကျန်းသစ္စာကျိန်ဆိုပွဲမှ အိမ်ဖြူတော်သို့ အပြန်လမ်းမှာ လူထုကို လမ်းလျှောက်နှုတ်ဆက်စဉ်။ (၀၁၊၂၁၊၁၃။)
အမေရိကန်သမ္မတ အိုဘားမားရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို မြို့တော်ဝါရှင်တန်ဒီစီက မနေ့က တနေ့လုံး ခြိမ့်ခြိမ့်သဲ ကျင်းပ ခဲ့ကြပါတယ်။ အိမ်ဖြူတော်သတင်းထောက် Kent Klein ရဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီးတော့ ဝါရှင်တန်ဒီစီမှာ ကျင်းပသွားတဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား အကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားနေ့မှာ ရာသီဥတု ချမ်းအေးပေမယ့် တနေ့လုံး နေ သာတယ် လို့ ပြောရပါမယ်။ အမေရိကန်လွှတ်တော်အဆောက်အအုံ အနောက်ဘက် အမျိုးသားရင်ပြင်က သမ္မတအိုဘားမားရဲ့ ဒုတိယအကြိမ် ကျမ်းသစ္စာ ဆိုပွဲကို အမေရိကန်ပြည်သူ ရှစ်သိန်းဝန်းကျင် တက်ရောက်တယ်လို့ ခန့်မှန်းကြပါတယ်။ အများပြည်သူရှေ့ ကျမ်းသစ္စာဆိုပွဲ အခမ်းအနားကို တရားသူကြီးချုပ် John Roberts က ကမကထ လုပ်ပေးပါတယ်။

သမ္မတ အိုဘား သမ္မတအဖြစ် ကျမ်းသစ္စာဆိုမှုကို တရားသူကြီးချုပ် John Roberts က တိုင်ပေးခဲ့ တာပါ။ ဒါဟာ အများပြည်သူရှေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာဆိုတာပါ။ တနေ့က ဇန်နဝါရီ ၂၀ ရက် နေ့ကတော့ တရားဝင်ကျမ်းသစ္စာဆိုပွဲကို အိမ်ဖြူတော် မှာပဲ ပြုလုပ်ပါတယ်။ အမေရိကန်ဖွဲ့စည်းပုံအရ ရွေးချယ်ခံရတဲ့ သမ္မတသစ်အနေနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာဆိုရမှာဖြစ်ပေမယ့် အဲဒီ နေ့က တနင်္ဂနွေနေ့ ကျပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအတိုင်း တရားဝင် အိမ်ဖြူတော်မှာပဲ အကျဉ်းချုပ် လုပ်ပြီး မနေ့က ဇန်နဝါရီ ၂၁ ရက်နေ့ တနင်္လာနေ့မှာတော့ အစဉ်အလာအတိုင်း အများပြည်သူရှေ့ ကျမ်းသစ္စာဆိုပွဲ ပြုလုပ်တာပါ။

အများပြည်သူရှေ့ ကျမ်းသစ္စာဆိုပွဲမှာတော့ သမ္မတအိုဘားမားက သမ္မာကျမ်း စာအုပ် နှစ် အုပ် သုံးပါတယ်။ တစ်အုပ်ကတော့ ၁၉၆၁ ခုနှစ်တုန်းက သမ္မတလင်ကွန်း သမ္မတအဖြစ် ကျမ်းသစ္စာဆိုခဲ့တဲ့ သမ္မာကျမ်းစာအုပ်ဖြစ်ပြီး နောက်တစ်အုပ်ကတော့ လုပ်ကြံခံခဲ့ရ တဲ့ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါက်တာ မာတင်လူသာကင်းရဲ့ သမ္မာကျမ်း စာအုပ်ဖြစ်ပါတယ်။ အခု တနင်္လာနေ့ဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မာတင် လူသာ ကင်း အထိမ်းအမှတ် ရုံးပိတ်ရက်လည်းဖြစ်ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပြီး တက်ရောက်လာတဲ့ လူထုကို ပြောတဲ့ ၁၉ မိနစ်ကြာ သမ္မတ အိုဘားမား မိန့်ခွန်းမှာတော့ အမေရိကန်ပြည်ထောင်စုရဲ့ ကြုံနေရတဲ့ ပြဿနာရပ်တွေကို အတူတကွဖြေရှင်းရာမှာ နိုင်ငံရေးအရ မတူကွဲပြားမှုတွေကို ဘေးဖယ်ထားဖို့ တိုက်တွန်း သွားပါတယ်။

အလယ်အလတ်လူတန်းစားတွေ တိုးပွားလာဖို့နဲ့ ဝင်ငွေမညီမျှမှုတွေကို လျှော့ချဖို့ကိစ္စ အပါအဝင် အခု ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲအတွင်းမှာ စည်းရုံးဟောပြောခဲ့တာတွေထဲက အဓိကအချက်အချို့ကို ပြန်ထောက်ပြ ပြောဆိုသွားပါတယ်။

“လူအနည်းအကျဉ်းလေးပဲ ကောင်းကောင်းမွန်မွန်နေနိုင်ပြီး၊ ကျန်အများစုကြီးက အခက် အခဲ ရှိ နေတယ်ဆိုရင် ကျနော်တို့ တိုင်းပြည် ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ လူထု သိပါတယ်။ အမေရိကန်တွေရဲ့ အလားအလာကောင်းဟာ အလယ် အလတ် လူတန်းစား ကျယ်ကျယ် ပြန့်ပြန့် တိုးများလာတဲ့အပေါ် မူတည်မယ်ဆိုတာ ကျနော်တို့ ယုံကြည်ထားပါတယ်။”

ဒါ့အပြင် လူမှုကူညီထောက်ပံ့ရေးအစီအစဉ်တွေ၊ ပညာရေး၊ နည်းပညာ၊ အစားထိုးစွမ်းအင် အသုံးပြုမှု စတာတွေကို ဆောင်ရွက်သွားမယ်လို့ သမတ အိုဘားမားက ပြောပါတယ်။ ကမ္ဘာရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုအပေါ်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုင်တွယ်တုန့်ပြန်သွားဖို့ လိုမယ်လို့ သူက ပြောပါတယ်။ ကမ္ဘာ့အရေးနဲ့ပတ်သက်လို့လည်း ပြောသွားပါသေးတယ်။

“အာရှကနေ အာဖရိကတလွှား၊ အမေရိကန်တိုက်နိုင်ငံတွေကနေ အရှေ့အလယ်ပိုင်းအထိ ဒီမိုကရေစီ အရေးကိစ္စတွေကို ထောက်ခံသွားပါမယ်။ လွတ်လပ်မှုအတွက် တောင့်တနေတဲ့ အဲဒီဒေသက ကမ္ဘာ့ ပြည်သူတွေအတွက် ကိုယ်စားဆောင်ရွက်ဖို့ဟာ ကျနော်တို့ရဲ့ စိတ်ဝင်တစား လိုလားမှု ကျနော်တို့ရဲ့ အသိတရားဖြစ်ပါတယ်။”

သမ္မတအိုဘားမားဟာ ဒီနောက် လွှတ်တော်ထဲမှာလုပ်တဲ့ နေ့လည်စာ ဧည်ခံပွဲကို တက်ရောက်ပါတယ်။ အဲဒီမှာ အမေရိကန်ပြည်ထောင်စုက အထင်အရ နိုင်ငံရေး သမားတွေ၊ လွှတ်တော် အမတ်တွေ အစိုးရတာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။ မွန်းလွဲပိုင်းမှာတော့ လွှတ်တော် ကနေ သမ္မတအိမ်ဖြူတော်အထိ ကားတန်းနဲ့ ထွက်ခွာ ပါတယ်။ ဝါရှင်တန်ဒီစီရဲ့ Pennsylvania လမ်းတလျှောက် ကြိုဆိုနှုတ်ဆက်ကြတဲ့ ပရိသတ်တွေကို ပြန်လည်နှုတ်ဆက်ရာမှာ သမ္မတနဲ့ သမ္မတကတော်နှစ်ဦးဟာ လက်တွဲပြီး ကားအပြင်အထွက် လမ်းဘေးဝဲယာက ပရိသတ်တွေကို နှုတ်ဆက်ပါတယ်။

ဒီနောက်တော့ သမ္မတအိမ်ဖြူတော်ရှေ့မှာ ယာယီဆောက်လုပ်ထားတဲ့ မှန်အဆောက်အအုံ ထဲကနေ အစဉ်အလာအတိုင်း ဗိုလ်ရှုခံပွဲလုပ်ပါတယ်။ ပြည်နယ်အလိုက် အတီးအမှုတ် အကအခုန်အဖွဲ့တွေက ချီတက်ပြီး ဂုဏ်ပြုတာကို မှန်အဆောက်အအုံထဲကနေ နှုတ်ဆက် ကြည့်ရှုပါတယ်။ ဒီကနေ့ ဝါရှင်တန် ဒီစီ မြို့တော်မှာ တနေ့လုံးကျင်းပြုလုပ်နေတဲ့ သမ္မတ ကျမ်းသစ္စာဆိုပွဲ အခမ်းအနားတွေ ဗိုလ်ရှုခံပွဲတွေကို တိုးဝှေ့စောင့်ကြည့်နေတဲ့ လူအုပ်ထဲမှာ ဝါရှင်တန်ဒီစီက မဆွေလည်း အပါအဝင်ပါ။

"ဂိတ်အထပ်ထပ်နဲ့ပေါ့နော်။ ကွန်ဂရက်စ်နားထိ ရောက်အောင်လို့ လက်မှတ်တွေ ကြိုယူ ထားရတယ်။ not ticket gate လည်းရှိတယ်။ ဂိတ်ပေါင်းကတော့ အများကြီး ဖွင့်ထားတယ်။ သူတို့ သမ္မတတွေလည်း တက်လာပြီဆိုလို့ ရှိရင် များသောအားဖြင့်ကတော့ ထုံးစံအတိုင်း ဘယ်သူတွေကတော့ ဘယ်လိုလုပ်ပေးနိုင်တယ်-ဘာတယ်ပေါ့နော်။ ဒီသမ္မတကလည်း ဒီလိုပဲ စကားချီတွေ စစ်ထိုးပြီး တခြားသမ္မတလောင်းနဲ့ အပြိုင်အဆိုင် စကားစစ်ထိုးပြီး ဘာလုပ်ပေးမယ်၊ ဘာလုပ်ပေးမယ်ဆိုပြီးတော့ သူတို့ လုပ်ပေးနိုင်တာကို ပြောကြတယ်။ ဒီသမ္မတကို ဆက်လက်ပြီး ယုံကြည်ကြတယ်ဆိုတော့- ဗမာပြည်မှာလည်း အလားတူ ဖြစ်လာဖို့ မျှော်လင့်ပါတယ်လို့- အဝေးရောက် ဗမာတစ်ယောက်အနေနဲ့-"

နှိုင်းယှဉ်ချက်အရ ပြောရရင်တော့ အခုတခေါက် ဒုတိယသက်တမ်း ကျမ်းသစ္စာဆိုပွဲဟာ ပြီးခဲ့တဲ့ ပထမအကြိမ် ကျမ်းသစ္စာဆိုပွဲ ၂၀၀၉ ခုနှစ်လောက် လူအုပ်မများပါဘူး။ အဲဒီတုန်းကဆို လူထု နှစ်သန်းနီးပါး တက်ရောက်တယ်လို့ ခန့်မှန်းပါတယ်။ သမ္မတ အိုဘားမားနဲ့ ဒုတိယသမ္မတ ဘိုင်ဒန် တို့မိသားစုဟာ မနေ့က ပွဲတွေ မစခင်မှာတော့ အိမ်ဖြူတော်အနီးက ဘုရားကျောင်းကို တက်ရောက်ပြီး အရင်ဆုံး ဘုရားဝတ်ပြုပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင်မှာတော့ အိမ်ဖြူတော်မှာ အောက် လွှတ်တော် ဥက္ကဋ္ဌ John Boehner နဲ့ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell အပါအဝင် ရီပတ်ပလင်ကန်ပါတီရဲ့ ထိပ်တန်းလွှတ်တော်အမတ်တွေနဲ့ ကော်ဖီသုံးဆောင် စကားပြောခဲ့ပါတယ်။

အခု ညပိုင်း ဗိုလ်ရှုခံပွဲပြီးရင်တော့ Inauguration Ball လို့ခေါ်တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အထိမ်းအမှတ် ဧည်ခံကပွဲကို ကျင်းပမှာဖြစ်ပါတယ်။
XS
SM
MD
LG