သုံးရလွယ်ကူစေသည့် Link များ

 
အိုဘားမား အင်ဒိုနီးရှား ခရီးစဉ်အတွင်း ကုန်သွယ်ရေးနဲ့ လုံခြုံရေးကိစ္စရပ် တိုးမြှင့်ဆောင်ရွက်မည်
နောက်ဆုံးရသတင်း

အိုဘားမား အင်ဒိုနီးရှား ခရီးစဉ်အတွင်း ကုန်သွယ်ရေးနဲ့ လုံခြုံရေးကိစ္စရပ် တိုးမြှင့်ဆောင်ရွက်မည်


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား(ဝဲ) နှင့် အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုတို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ နိုဝင်ဘာ ၉၊ ၂၀၁၀။
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား(ဝဲ) နှင့် အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုတို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ နိုဝင်ဘာ ၉၊ ၂၀၁၀။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ အချိန်အတော်ကြာ စောင့်မျှော်ခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံကို အခု အလည်အပတ် ရောက်ရှိနေပါပြီ။ အမေရိကန်နဲ့ အင်ဒိုနီးရှား ၂ နိုင်ငံအကြား စီးပွားရေး ဆက်ဆံမှုတွေ မြှင့်တင်ဖို့၊ လုံခြုံရေးတွေ ပိုပြီး ခိုင်မာလာအောင် လုပ်ဆောင်နိုင်ဖို့ သမ္မတ အိုဘားမားက မျှော်လင့်ထားတာပါ။

ကမ္ဘာပေါ်မှာ မွတ်ဆလင်လူဦးရေ အများဆုံး အင်ဒိုနီးရှားနိုင်ငံနဲ့ အပြုသဘောဆောင်တဲ့ မိတ်ဆွေနိုင်ငံအဖြစ် ဆက်ဆံရေးတွေ ပိုပြီး ကောင်းလာရေး ဆောင်ရွက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ အခုရက်ပိုင်းအတွင်း ကြုံတွေ့နေရတဲ့ သဘာ၀ ဘေးအန္တရာယ်တွေ အတွက်လည်း အမေရိကန်ဘက်က ကူညီဖို့ ကမ်းလှမ်းချက် တခုကိုလည်း အခုခရီးစဉ်မှာ ပါဝင်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို သမ္မတ အိုဘားမား အခုတကြိမ် အလည်အပတ် ရောက်လာတာ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လာတဲ့ ခရီးစဉ် တခုပါပဲ။ သူငယ်ငယ်တုန်းက အင်ဒိုနီးရှားမှာ ၄ နှစ် နေခဲ့ဖူးတာပါ။ သမ္မတ အိုဘားမား ရောက်လာတာကို ရာနဲ့ချီတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေက မိုးတွေရွာနေတဲ့ကြားက လမ်းမတွေပေါ် ထွက်ပြီး ကြိုဆိုခဲ့ကြပါတယ်။

သမ္မတ အိုဘားမားဟာ သူ သမ္မတဖြစ်ပြီး အင်ဒိုနီးရှားကို ခရီးထွက်ဖို့ ၂ ကြိမ် စီစဉ်ခဲ့ပေမဲ့ ပျက်ခဲ့ရပါတယ်။ အခုတခေါက် ခရီးစဉ်မှာတော့ အင်ဒိုနီးရှား မတိုင်ခင် ဝင်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ ပြောဆို ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ တော်တော်များများ ဆင်တဲ့ ကိစ္စတွေကိုပဲ အာရုံစိုက်ပြီး ဆွေးနွေးလိမ့်မယ်လို့ သမ္မတ အိုဘားမားရဲ့ ကိုယ်ရေးအရာရှိတွေက ပြောကြပါတယ်။

အကြမ်းဖက်ဝါဒ တိုက်ဖျက် နှိမ်နင်းရေး၊ စီးပွားရေး တိုးတက်လာရေး၊ ရာသီဥတု ပြောင်းလဲမှု ကိစ္စနဲ့ ညစ်ညမ်းမှုကင်းတဲ့ လောင်စာစွမ်းအင် ကိစ္စတွေ အပါအဝင် ၂ နိုင်ငံ ဆက်ဆံမှု ကောင်းမွန်ရေး ကိစ္စတွေကို ဆွေးနွေးကြပါလိမ့်မယ်။

အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက ကောင်းတဲ့အချိန်တွေမှာရော ဆိုးတဲ့အချိန်တွေမှာပါ အမေရိကန် ပြည်ထောင်စုက အင်ဒိုနီးရှားနဲ့အတူ ရပ်တည်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မနက်ဖြန်ကြရင် အရှေ့တောင်အာရှမှာ အကြီးဆုံး ဗလီကျောင်းတော်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက အစ္စတီကလ် (Istiqlal) ဗလီကို သမ္မတ အိုဘားမား သွားရောက်မှာ ဖြစ်ပါတယ်။ ပြီးရင် ဗလီအပြင်ဘက်မှာ အင်ဒိုနီးရှား ပြည်သူတွေကို သမ္မတ အိုဘားမား မိန့်ခွန်းပြောပါလိမ့်မယ်။

အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတ အိုဘားမား အလည်အပတ် ရောက်နေတဲ့အချိန် ဂျာဗားကျွန်း အလယ်ပိုင်းမှာ မီးတောင်ပေါက်ကွဲမှုကလည်း ဖြစ်နေလို့ လေယာဉ်သွားလာရေး အခက်အခဲ ဖြစ်နေပါတယ်။ အဲဒါကြောင့် အစီအစဉ်တွေကို ချုံ့ပြီး စီစဉ်ထားရတယ်လို့ သမ္မတ အိုဘားမားရဲ့ ကိုယ်ရေးအရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG