နျူကလီးယား လက်နက်တွေ ဘေးအန္တရာယ်က ကင်းဝေးပြီး ရေရှည် ဖွံ့ဖြိုးတိုးတက်တဲ့ ကမ္ဘာကြီးဖြစ်အောင် ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားရင်း ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကို အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ဖွင့်လှစ်ပေးလိုက်ပါပြီ။
အဖွဲ့ဝင် ၁၉၂ နိုင်ငံက တိုင်းပြည်ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ တက်ရောက်နေကြတဲ့ နယူးယောက်မြို့က ညီလာခံကို ဒီကနေ့ ကြာသပတေးနေ့မှာ မစ္စတာ ဘန်ကီမွန်းက ဖွင့်လှစ်ပေးလိုက်တာပါ။ လူတွေအကြား မှားယွင်းတဲ့ စိတ်ဝမ်းကွဲမှုတွေ ဖြစ်ပေါ်စေအောင်၊ သူ့အဆိုအရ မုန်းတီးတဲ့ စကားလုံးတွေကို အသုံးပြုထားတဲ့၊ ကိုယ့်အယူဝါဒသာလျှင် မှန်ကန်တယ်လို့ တယူသန် ပြောဆိုနေကြတဲ့ နိုင်ငံရေးသစ်ကို လုပ်ဆောင်နေကြတယ်လို့ သူက ပြောပါတယ်။
ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေ အားလုံးထဲမှာ လူ့အခွင့်အရေးဟာ အခြေခံကျပြီး ဘယ်တိုင်းပြည်ကမှ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို မချိုးဖောက်သင့်ဘူးလို့ ဆိုပါတယ်။
အမေရိကန် သမ္မတ ဘရတ်ခ် အိုဘားမား (Barack Obama) နဲ့ အီရန်သမ္မတ မာမွတ် အမာဒနီဂျတ်ဒ် (Mahmoud Ahmadinejad) တို့လည်း ဒီကနေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အဖွင့်မိန့်ခွန်း ပြောကြမှာဖြစ်ပြီး သမ္မတ အိုဘားမား ပြောကြားတဲ့ မိန့်ခွန်းထဲမှာတော့ အီရန်နိုင်ငံရဲ့ အငြင်းပွားဖွယ်ရာ နျူကလီးယား အစီအစဉ်အပေါ် ကုလသမဂ္ဂက အခုနှစ်အတွင်း ချမှတ်လိုက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ကြည့်ခြင်းအားဖြင့် ဒီကိစ္စအပေါ် နိုင်ငံတကာ ဥပဒေတွေက အပြောသက်သက် မဟုတ်ဘဲ လက်တွေ့နဲ့ ပြသလိုက်တာပဲဆိုပြီး ထည့်သွင်း ပြောကြားသွားပါတယ်။
နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲက အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ အီရန်နိုင်ငံက လိုက်နာကျင့်သုံးခြင်း မရှိရင် သူ့ရဲ့လုပ်ရပ်တွေအပေါ် တာဝန်ယူရမယ်လို့ သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားသွားပါတယ်။
ဆွေးနွေးမှုတွေ ဆက်လုပ်ဆောင်ဖို့ သံတမန်ရေး တံခါးတွေကို ဖွင့်ထားဆဲ ဖြစ်ပေမဲ့ အီရန်အနေနဲ့ သူ့ရဲ့ နျူကလီးယား အစီအစဉ်ဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ အသုံးချဖို့ဖြစ်တယ် ဆိုတာကို လက်တွေ့ပြသဖို့ လိုတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
နိုင်ငံတကာ အသိုင်းအ၀ိုင်း အများစုကတော့ အီရန်ဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ပြင်ဆင်နေတာလို့ ယုံကြည်နေကြပြီး အီရန်ကတော့ အဲဒီလို ပြောဆိုမှုတွေကို ငြင်းဆိုထားပါတယ်။
တဆက်တည်းမှာပဲ ပါလက်စတိုင်း၊ အစ္စရေး ငြိမ်းချမ်းရေးကိစ္စကိုလည်း သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားသွားပါတယ်။ သူက လွတ်လပ်တဲ့ ပါလက်စတိုင်း နိုင်ငံတော် ပေါ်ပေါက်လာရေး ထောက်ခံတဲ့ နိုင်ငံတွေ အနေနဲ့လည်း အစ္စရေး ကျဆုံးရေးကို လုပ်မနေကြတော့ဘဲ သူတို့ရဲ့ နှုတ်အားဖြင့် အားပေးနေသလိုပဲ နိုင်ငံရေး၊ ဘဏ္ဍာရေးအရပါ လက်တွေ့ ထောက်ပံ့ပေးကြဖို့ သမ္မတ အိုဘားမားက ပြောကြားပါတယ်။
ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ် (Mahmoud Abbas) နဲ့ အစ္စရေး ၀န်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) တို့ဟာ တိုက်ရိုက် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲတွေကို အခုလ အစောပိုင်းက ပြန်စခဲ့ကြပါတယ်။ အမေရိကန်က ကြားဝင် ဆောင်ရွက်ပေးခဲ့တဲ့ အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို နောက်ပိုင်း အီဂျစ်နဲ့ အစ္စရေး နိုင်ငံတို့မှာ ပြောင်းရွှေ့ ပြုလုပ်ခဲ့ကြပါတယ်။