သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယား သဘောတူညီမှု အိုဘားမား ကာကွယ်ပြောဆို


အီရန်နဲ့ ရရှိလိုက်တဲ့ နျူကလီးယား သဘောတူညီချက်ဟာ အီရန်အနေနဲ့ နျူကလီးယားဗုံး ထုတ်လုပ်နိုင်မယ့် လမ်းကြောင်းပေါ်ကို ရောက်မလာနိုင်အောင် ဟန့်တားလိုက်တဲ့ သဘောတူညီချက် ဖြစ်တယ်လို့ အမေရိကန်သမ္မတ Barack Obama က သဘောတူညီချက်ကို အပြင်းအထန် ကာကွယ် ပြောကြားလိုက်ပါတယ်။

ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ အမေရိကန်တက္ကသိုလ်မှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း ဒါဟာ အင်မတန် ကောင်းမွန်တဲ့ သဘောတူညီချက် ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒီသဘောတူညီချက်ကိုသာ အကောင်အထည်ဖော်ခဲ့ရင် ဒါဟာ အီရန်အတွက် ကောင်းမွန်တဲ့ သဘောတူညီချက်ဖြစ်သလို အမေရိကန်ပြည်ထောင်စုအပြင် ပဋိပက္ခတွေ အစဉ်ဖြစ်နေတဲ့ ဒေသအတွက်ရော တကမ္ဘာလုံးအတွက်ပါ ကောင်းမွန်တဲ့ သဘောတူညီချက် ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အမေရိကန်နိုင်ငံသားတွေအနေနဲ့လည်း ဒီသဘောတူညီမှုအပေါ် သံသယရှိနေကြတဲ့ လွှတ်တော်အမတ်တွေကို ဆက်သွယ်ပြီး နောက်လ မဲခွဲဆုံးဖြတ်တဲ့အခါ ထောက်ခံမဲ ပေးကြဖို့ ဆော်သြပေးဖို့ကိုလည်း သမ္မတ အိုဘားမားက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အီရန်က နျူကလီးယားလက်နက် ထုတ်လုပ်နိုင်မှုကို ဟန့်တားထားတဲ့ ဒီ သဘောတူညီချက်ကြောင့် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်ရုပ်သိမ်းပေးမှာ ဖြစ်ပါတယ်။ အဲဒီ ပိတ်ဆို့ အရေးယူမှုတွေကြောင့် အီရန်ရဲ့ စီးပွားရေး ထိခိုက် ကျဆင်းနေတာလည်း ဖြစ်ပါတယ်။ အီရန်အနေနဲ့ သဘောတူညီချက်ကို လိုက်နာခြင်း ရှိ မရှိ စောင့်ကြည့်မယ့် အစီအစဉ်တွေဟာ အားနဲလွန်းနေတယ်လို့ ဒီသဘောတူညီချက်ကို ကန့်ကွက်သူတွေက ထောက်ပြ ပြောဆိုနေကြတာပါ။

ဒါဟာ နျူကလီးယားလက်နက် မပြန့်ပွားရေးအတွက် ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေ ထဲမှာ အခိုင်မာဆုံး သဘောတူညီချက် ဖြစ်တယ်ဆိုပြီး အဲဒီလို ဝေဖန် ပြောဆိုမှုတွေကို သမ္မတ အိုဘားမားက ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

XS
SM
MD
LG