သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖမ်းဆီးခံ အမေရိကန် ၄ ဦး ပြန်လွှတ်ပေးဖို့ အိုဘားမား အီရန်ကိုတောင်းဆို


အီရန်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန် နိုင်ငံသား (၃) ယောက်ကို ပြန်လွှတ်ပေးဖို့အပြင် နိုင်ငံအတွင်းမှာ ရှိနေတယ်လို့ ယုံကြည်ရသူ စတုတ္ထမြောက် အမေရိကန် နိုင်ငံသားကိုလည်း ကူညီရှာဖွေပေးဖို့ အမေရိကန် သမ္မတ Barack Obama က အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အီရန်နိုင်ငံမှာ မတရားသဖြင့် ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေ ကို ဌာနေ ပြန်ရောက်လာအောင် ကျနော်တို့ မနားမနေ လုပ်ဆောင်သွားမှာ ဖြစ်တယ်၊ သတင်းထောက် Jason Rezaian ကို ပြန်လွှတ်ပေးသင့်ပါတယ်၊ သင်းအုပ်ဆရာ Saeed Abedini ကို ပြန်လွှတ်ပေးသင့်ပါတယ်၊ မရိန်းတပ်ဖွဲ့ဝင်ဟောင်း တပ်ကြပ်ကြီး Amir Hekmati ကို ပြန်လွှတ်ပေးသင့်ပါတယ်။ အီရန် အနေနဲ့ ပျောက်ဆုံးနေတဲ့ Robert Levinson ကို ကူညီရှာဖွေပေးပါ။ အမေရိကန် နိုင်ငံသားတွေဟာ မိသားစုတွေရှိရာ သူတို့အိမ်ကို ပြန်နိုင်ကြရပါလိမ့်မယ်လို့ Pittsburg မြို့မှာ ကျင်းပခဲ့တဲ့ ပြည်ပစစ်ပွဲ စစ်ပြန်များ ညီလာခံမှာ လို့ Mr. Obama က ပြောကြားသွားပါတယ်။

အီရန်နိုင်ငံမှာ ထိန်းသိမ်းခံနေရသူ ၄ ယောက်ရဲ့ မိသားစုတွေ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ၊ တချို့က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အီရန်နိုင်ငံနဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ အဖမ်းခံရသူတွေ ပြန်လွှတ်ပေးအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် သမ္မတ အိုဘားမားအပေါ် ပြစ်တင်ဝေဖန် နေကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အီရန်နိုင်ငံအနေနဲ့ နျူကလီးယား လက်နက် တည်ဆောက်နေမှုကို အနည်းဆုံး ယာယီ ပိတ်ပင်ထားဖို့နဲ့ အပြန်အလှန်အနေနဲ့ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက ချမှတ်ထားပြီး အီရန်နိုင်ငံကို အကြီးအကျယ် ထိခိုက်စေတဲ့ ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့အတွက် နိုင်ငံတကာနဲ့ အီရန်ကြား သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ တရုတ်၊ အမေရိကန် ပြည်ထောင်စုတို့နဲ့ အီရန်နိုင်ငံကြားရရှိခဲ့တဲ့ နျူကလီးယားအရေး သဘောတူညီချက်ဟာ ကောင်းမွန် ပြည့်စုံပြီး အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်မှုပေးနိုင်မယ့် တာဝန်ယူ လုပ်ဆောင်ချက် ဖြစ်တယ်လို့ သမ္မတ အိုဘားမား က ခုခံပြောဆိုပါတယ်။

XS
SM
MD
LG