သုံးရလွယ်ကူစေသည့် Link များ

သေနတ်ကိုင်မှု ထိန်းချုပ်ရေး ကြိုးပမ်းမှု အိုဘားမား ခုခံပြောဆို


ကြာသပတေးနေ့က ပြုလုပ်တဲ့ လူထုနဲ့ အိုဘားမား တိုက်ရိုက် ဆွေးနွေး မေးမြန်းပွဲ။ (ဇန်နဝါရီ ၇၊ ၂၀၁၆)

မကြာသေးခင်က ထုတ်ပြန်ထားတဲ့ သေနတ်ပိုင်ဆိုင်ခွင့် ထိန်းချုပ်ရေးဆိုင်ရာ အမိန့်အသစ်ဟာ အမေရိကန်နိုင်ငံသားတွေ လက်နက်ပိုင်ဆိုင်နိုင်တဲ့ အခြေခံဥပဒေပါ အခွင့်အရေးကို အသိအမှတ်ပြုတဲ့တချိန်ထဲမှာ လူ့အသက်တွေကို ကယ်တင်ဖို့ လုပ်ဆောင်ချက်တခုဖြစ်တယ်လို့ သမ္မတ ဘရာ့ခ် အိုဘားမားက ခုခံ ချေပပါတယ်။

ဒါပေမဲ့လည်း အရှိန်အ၀ါကြီးတဲ့ အမေရိကန် ရိုင်ဖယ်အသင်း NRA က သူ့လုပ်ဆောင်ချက်ကို တားဆီးဖို့ ကြိုးစားနေတယ်လို့ ကြာသပတေးနေ့ကလုပ်တဲ့ လူထုနဲ့ တိုက်ရိုက် ဆွေးနွေး မေးမြန်းပွဲမှာ မစ္စတာအိုဘားမားက ပြောသွားပါတယ်။

လူတွေမှာရှိတဲ့ သေနတ်တွေကို ဖက်ဒရယ်အစိုးရက သိမ်းယူဖို့ ကြိုးစားနေတယ် ဆိုပြီး NRA က လုပ်ကြံ ဖန်တီးပြီးတော့ ပြောဆို နေတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ လက်ရှိစနစ်မှာရှိနေတဲ့ အားနည်း ချက်တွေကြောင့် ပြည်နယ် တခုမှာ သေနတ် ၀ယ်တဲ့ လူရဲ့ နောက်ကြောင်း ရာဇ၀င်ကို မစစ်ဆေး ဘဲ သေနတ်ဝယ်လို့ရနေပြီး အဲဒီသေနတ်တွေကို အမြတ်ယူပြီးတော့ ပြန် ရောင်းနိုင်နေတယ်လို့ သမ္မတကပြောပါတယ်။

သူ့ရဲ့လုပ်ဆောင်ချက်ဟာ ဘုံတူညီတဲ့ ရည်မှန်းချက်တခုကိုရဖို့ အဆင့်တဆင့် ဖြစ်တယ် လို့ သေနတ်ကိုင် အကြမ်းဖက်မှုတွေရဲ့ဒဏ်ကို ခံစားခဲ့ရသူတွေနဲ့ မိသားစုဝင်တွေပါတက်တဲ့ ဆွေးနွေးမေးမြန်းပွဲမှာ သမ္မတ အိုဘားမားက ပြောသွားပါတယ်။

ပြစ်မှုကျူးလွန်မယ့်လူတယောက် သေနတ် ရမသွားနိုင်ရေး ဘယ်သူကမှ အာမခံချက် မပေးနိုင်ပေမဲ့ နောက်ကြောင်းရာဇ၀င်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်း အားဖြင့် သေနတ်ဝယ်ဖို့ ပိုခက်စေပြီးတော့ ပိုဈေးကြီး စေလိမ့်မယ်လို့ သမ္မတကပြောပါတယ်။

သေနတ်ပိုင်ဆိုင်ခွင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဥပဒေတခုခုကို သူ့ရဲ့သမ္မတသက်တမ်း အတွင်း ကွန်ဂရက် လွှတ်တော်ကနေ ပြဌာန်းမယ့် အလားအလာအပေါ်မှာတော့ သမ္မတက သံသယရှိပါတယ်။

XS
SM
MD
LG