သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစွန်းရောက်နှိမ်နင်းရေး ဆုံးဖြတ်ချက် လုံခြုံရေးကောင်စီ အတည်ပြု


Islamic State အစွန်းရောက် အကြမ်းဖက်အဖွဲ့လို စစ်သွေးကြွ အဖွဲ့အစည်းတွေဆီ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေ သွားရောက်တာကို နှိမ်နင်းဖို့ ဆုံးဖြတ်ချက်တရပ်ကို အမေရိကန်သမ္မတ အိုဘားမားကိုယ်တိုင် ဥက္ကဌပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ တညီတည်း အတည်ပြုလိုက်ပါပြီ။

စစ်သွေးကြွတွေနဲ့ ပူးပေါင်းဖို့ စစ်သွေးကြွတွေအတွက် လူစုဆောင်းဖို့ ဆောင်ရွက်ကြတဲ့ နိုင်ငံသားတွေကို သက်ဆိုင်ရာ နိုင်ငံတွေက ရာဇဝတ်မှုအဖြစ် သတ်မှတ်ကိုင်တွယ်ဖို့ လုံခြုံကောင်စီကနေ ၁၅ မဲ အပြတ်နဲ့ ဗုဒ္ဓဟူးနေ့မှာ မဲခွဲခဲ့တာ ဖြစ်ပါတယ်။ သမ္မတအိုဘားမားဟာဆိုရင် လုံခြုံရေးကောင်စီမှာ ကိုယ်တိုင် ဥက္ကဌအဖြစ် ကြီးကြပ်ဆောင်ရွက်တဲ့ ပထမဆုံး အမေရိကန်သမ္မတလည်း ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်တုန်းကလည်း အလားတူ ဆောင်ရွက်ခဲ့ဖူးပါတယ်။ IS အဖွဲ့နဲ့ ဆက်နွယ်တဲ့ အယ်ဂျီးရီးယားမှာရှိတဲ့ ဂျီဟတ်အဖွဲ့ကနေ ပြင်သစ်နိုင်ငံသားတဦးကို ခေါင်းဖြတ် သတ်ဖြတ်ခဲ့တဲ့အပေါ်မှာလည်း ပြင်သစ်နိုင်ငံနဲ့ တသံတည်း ရပ်တည်သွားမယ်လို့ သမ္မတအိုဘားမားက အစည်းအဝေးအဖွင့်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာ နိုင်ငံပေါင်း ၈၀ ကျော်က နိုင်ငံခြားသား ၁ သောင်း ၅ ထောင်ကျော်ဟာ ဆီးရီးယားနိုင်ငံကို သွားရောက်ခဲ့ပြီး၊ အဲဒီအကြမ်းဖက်သမားတွေဟာ ပဋိပက္ခတွေကို ပိုကြီးထွားအောင် ဖန်တီးသလို အခြားနိုင်ငံတွေကိုလည်း ခြိမ်းခြောက်မှုတွေ ဖြစ်စေတယ်လို့ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း IS အပါအဝင် အစ္စလာမ်အစွန်းရောက်တွေကို နှိမ်နင်းတဲ့နေရာမှာတော့ အခု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တခုတည်းနဲ့တင် မလုံလောက်ဘူးလို့လည်း သမ္မတအိုဘားမားက သတိပေးခဲ့ပါတယ်။

မနေ့အစောပိုင်းတုန်းကလည်း ကုလသမဂ္ဂ အထွေထွေညီလာခံ ဖွင့်ပွဲမိန့်ခွန်းမှာ သမ္မတ အိုဘားမား ပြောကြားရာမှာတော့ IS စစ်သွေးကြွတွေကို နှိမ်နင်းဖို့ ကြိုးပမ်းမှုတွေမှာ သူနဲ့အတူ တခြား ကမ္ဘာ့ခေါင်းဆောင်တွေလည်း ပါဝင်ကြဖို့ကို တိုက်တွန်းထားပါတယ်။ IS စစ်သွေးကြွတွေဟာ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အပြစ်မဲ့ ပြည်သူတွေကို ခေါင်းဖြတ်သတ်တာ၊ ကလေးငယ်တွေကို ပစ်သတ်တာ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်တာ၊ ဘာသာရေး လူနည်းစုတွေအပေါ်ကို ငတ်မွတ်အောင်လုပ်တာ စသဖြင့် ဒီလို အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့ကြတယ်လို့ သမ္မတ အိုဘားမားက ပြောဆိုသွားခဲ့ပါတယ်။

ယူကရိန်းကိစ္စနဲ့ပတ်သက်လို့လည်း ဒီရုရှားကို ကျူးကျော်သူအဖြစ်နဲ့ သမ္မတအိုဘားမားက အထွေထွေညီလာခံမိန့်ခွန်းမှာ ရှုတ်ချသွားပါတယ်။ ဒါ့အပြင် အီဘိုလာရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် ကမ္ဘာအဝှမ်းမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြဖို့ဆိုပြီးတော့လည်း သူက တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG