သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kobani မြို့ ISIS အစွန်းရောက်လက်ထဲကျမှာ အိုဘားမား အထူးစိုးရိမ်


ဆီးရီးယားနယ်စပ်မြို့ဖြစ်တဲ့ Kobani မြို့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အလွန်အမင်း အထူးစိုးရိမ်ပူပန်တဲ့အကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ပြောဆိုလိုက်ပါတယ်။ အဲဒီမှာ မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေလက်ထဲ ကျမသွားရအောင် Kurdish တိုက်ခိုက်ရေးသမားတွေက အပြင်းအထန် ခုခံနေကြရပါတယ်။

စစ်သွေးကြွတွေကို နှိမ်နင်းရေးနဲ့ပတ်သက်ပြီး သမ္မတ အိုဘားမားဟာ နိုင်ငံခြားစစ်ဘက်ဆိုင်ရာ အကြီးအကဲ ၂၀ ကျော်နဲ့ ဝါရှင်တန်မြို့ပြင်ရှိ အမေရိကန်လေတပ် အခြေစိုက်စခန်းတခုမှာ အင်္ဂါနေ့က ဆွေးနွေးခဲ့ပါတယ်။

Kobani မှာ ဖြစ်ပွားနေတဲ့ အခြေအနေဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေအပေါ် အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ သမ္မတ က ပြောပါတယ်။

မဟာမိတ်ညွန့်ပေါင်းတပ်ဖွဲ့တွေအနေနဲ့ စစ်သွေးကြွတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက် ပြုလုပ်သွားမယ်လို့ သမ္မတ က ပြောဆိုပါတယ်။ IS စစ်သွေးကြွတွေကို အနိုင်ယူဖို့ ကြိုးပမ်းမှုဟာ စစ်ပွဲတခု ဆင်နွှဲတာမျိုးတင် မကပါဘဲ အစွန်းရောက်မှုကို ဆန့်ကျင် တိုက်ခိုက်တာလည်း ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

တနင်္လာနဲ့ အင်္ဂါနေ့တွေအတွင်း အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံတို့က တိုက်လေယာဉ်တွေဟာ IS စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်မှုပေါင်း ၂၁ ကြိမ် ပြုလုပ်ခဲ့ကြပြီး စစ်သွေးကြွတွေရဲ့ မြို့ကိုသိမ်းပိုက်ဖို့ ကြိုးပမ်းနေမှုကို နှေးကွေးအောင် လုပ်ပစ်နိုင်ခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောဆိုပါတယ်။

XS
SM
MD
LG