သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား ကိုရီးယားစစ်မဲ့ဇုန် ရောက်ရှိ


အမေရိကန်သမ္မတ ဘရက်အိုဘားမား နဲ့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘက်တို့ဟာ ဒီကနေ့ တွေ့ဆုံခဲ့ကြပြီးတော့ မြောက်ကိုရီးယားနိုင်ငံဘက်က ဖြစ်လာနိုင်ချေရှိတဲ့ ခြိမ်းခြောက်မှုတွေကို ညီညီညွတ်ညွတ် ရင်ဆိုင်သွားမယ် ဆိုတာကို ပြသလိုက်ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ခြိမ်းခြောက်မှုတွေလုပ်နေရုံနဲ့ ဘာမှအောင်မြင်မှုရမှာ မဟုတ်ဘဲ တကယ်လို့ နောက်လမှာ ဒုံးကျည် ပစ်လွှတ်ခဲ့မယ်ဆိုရင် ဒီထက်ပိုပြီးတော့ အထီးကျန်သွားဖို့ပဲ ရှိတယ်လို့ တောင်ကိုရီးယား သမ္မတနဲ့ တွေ့ဆုံပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒါကို တောင်ကိုရီးယား သမ္မတကလည်း သဘောတူလိုက်ပြီး မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးကျည်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ရန်စမှုသာဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်နဲ့ အမေရိကန်နဲ့ သဘောတူညီချက်တွေကို ဆန့်ကျင်နေတယ်လို့ ပြောလိုက်ပါတယ်။ နိုင်ငံတကာ နျူကလီးယား လုံခြုံရေးညီလာခံ မတိုင်ခင်မှာ ခေါင်းဆောင် ၂ ဦးက အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အစောပိုင်းမှာတုန်းက အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကိုရီးယား ၂ နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ သွားရောက်ခဲ့ပါတယ်။ သမ္မတအိုဘားမားဟာ ကျည်ကာမှန် အထူကြီး ကာထားတဲ့ နောက်မှာရပ်ပြီးတော့ မြောက်ကိုရီးယားနိုင်ငံဘက် အခြမ်းကို မှန်ဘီလူးနဲ့ ကြည့်ခဲ့ပါတယ်။ အဲဒီနောက် သမ္မတဟာ အဲဒီစစ်မဲ့ဇုန်မှာ စောင့်နေတဲ့ အမေရိကန်တပ်တွေကို တွေ့ဆုံခဲ့ပြီးတော့ သူတို့ဟာ တောင်ကိုရီးယားနိုင်ငံ ကြွယ်ဝလာဖို့အတွက် လုပ်ပေးနေတဲ့ စစ်သားတွေဖြစ်ကြတယ်လို့ ပြောခဲ့ပါတယ်။

XS
SM
MD
LG