သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြုပြင်ပြောင်းလဲရေးအတွက် အိုဘားမား သတိပေး


အမေရိကန်သမ္မတ အိုဘားမား- မလေးရှားနိုင်ငံ Malaya University မှာ အာရှလူငယ်များနဲ့ တွေ့ဆုံရန်လာစဉ်။ (ဧပြီ ၂၇၊ ၂၀၁၄)
အမေရိကန်သမ္မတ အိုဘားမား- မလေးရှားနိုင်ငံ Malaya University မှာ အာရှလူငယ်များနဲ့ တွေ့ဆုံရန်လာစဉ်။ (ဧပြီ ၂၇၊ ၂၀၁၄)
မြန်မာနိုင်ငံမှာ လူနည်းစု မွတ်ဆလင်တွေကို ဖိနှိပ်မှုတွေလုပ်မယ်ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း လျှောက်လှမ်းနေမှုဟာ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ Barack Obama က သတိပေးလိုက်ပါတယ်။ မလေးရှားနိုင်ငံကိုရောက်နေတဲ့ သမ္မတအိုဘားမားဟာ တနင်္ဂနွေနေ့က အာရှလူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောကြားလိုက်တာဖြစ်သလို ဒေသတွင်း တည်ငြိမ်ရေးအတွက်လည်း အမေရိကန်ပြည်ထောင်စုက အကူညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အာရှ ၄ နိုင်ငံ ခရီးထွက်လာတဲ့ သမ္မတအိုဘားမားဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ၃ ရက်တာရှိနေစဉ်အတွင်း တနင်္ဂနွေနေ့က မြန်မာ အပါအဝင် အာဆီယံ ဆယ်နိုင်ငံက လူငယ် ၁၀၂ ဦးနဲ့ မလေးရှားတက္ကသိုလ်မှာ တနာရီခွဲကြာ တွေ့ဆုံခဲ့တာပါ။ တချိန်က အထီးကျန်ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကို ချီးကျူးခဲ့ေပေမယ့် ဘာသာရေးနဲ့ လူမျိုးရေးပဋိပက္ခတွေ ဖြစ်နေတာတွေ့ရတာမို့ ဒါတွေဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် သွားနိုင်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိတယ်လို့ သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။

“နိုင်ငံတနိုင်ငံမှာ အတူယှဉ်တွဲနေထိုင်ကြသူတွေ အချင်းချင်း ခွဲခြားဆက်ဆံမှု ရှိနေမယ် ဆိုရင် အောင်မြင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာမှာမဟုတ်ပါဘူး။ တကယ်လို့ မလေးရှားနိုင်ငံမှာ မွတ်ဆလင် မဟုတ်သူတွေအတွက် အခွင့်အလန်းတွေ ဖွင့်မပေးရင် အောင်မြင်မှာမဟုတ်သလို မြန်မာနိုင်ငံအတွက်လည်း မွတ်ဆလင်တွေကို ဖိနှိပ်နေရင် အောင်မြင်မှာ မဟုတ်ပါဘူး။”

မြန်မာနိုင်ငံမှာ မကြာခင်နှစ်တွေအတွင်း ရိုဟင်ဂျာမွတ်ဆလင်တွေ အတိုက်ခိုက်ခံရသလို ဖိနှိပ်မှုတွေပါ ရှိနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေကရော ရခိုင်ပြည်နယ်ထဲက မူစလင်ဆန့်ကျင်သူတွေကို စောင့်ကြည့် လေ့လာနေသူတွေကပါ ပြောနေကြတာပါ။ အမေရိကန်သမ္မတနဲ့ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက လူငယ်ခေါင်းဆောင် ဆယ်ဦးပါဝင်ပြီး ကရင်တိုင်းရင်းသား စောထက်ခန့်အောင်ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြု မေးခွန်းမေးခွင့်ရခဲ့သူပါ။

"ကျနော်တို့နိုင်ငံက အာဆီယံနိုင်ငံထဲမှာ တနိုင်ငံအပါအဝင်ပေါ့နော်- အာဆီယံဒေသကို ပြန်ကြည့်တဲ့အခါမှာ ကွဲပြားခြားနားမှုတွေ အများကြီးရှိတယ်။ ဥပမာ လူမျိုးတွေကွဲပြားမယ်၊ ဘာသာစကားကွဲပြားမယ်၊ သူတို့ရဲ့သမိုင်းတွေကလည်း ကွဲပြားမယ်၊ သူတို့ရဲ့အုပ်ချုပ်ပုံတွေကလည်း အကုန်လုံး ကွဲပြားမယ်ပေါ့။ အဲဒီလိုမျိုး ကွဲပြားခြားနားမှုတွေ အများကြီး ရှိတဲ့အခါမှာ အဲလိုမျိုး ကျော်လွှားပြီးတော့ နောက် ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေကို သမ္မတအနေနဲ့ ဘယ်လိုများ ခွန်အားပေးချင်လဲဆိုတာလေး မေးခဲ့ပါတယ်။ ကျနော် အကြိုက်ဆုံးနဲ့ သတိရတာ တချက်ပဲ ကျနော် ပြောချင်တယ်။ အဲဒါက ဘာလဲဆိုတော့ သူများရဲ့ဖိနပ်ကို ဝင်စီးကြည့်လိုက်ပါ။ ဝင်စီးကြည့်လိုက်ပြီးတော့မှ သူတို့ ခံစားသလို ခံစားကြည့်လိုက်ပါ-ပေါ့။ အဲလိုဆိုလို့ရှိရင် ကျနော်တို့အတွက် မေးခွန်းတွေ မေးစရာရှိလာမယ်၊ အမြင်တွေ အများကြီးတွေ့လာမယ်ပေါ့။ အဲဒီကနေပြီးတော့ ကျနော်တို့ ဘယ်လိုမျိုး အဖြေညှိပြီးတော့ ဘယ်လိုမျိုး ကောင်းမွန်တဲ့ အာဆီယံအသိုက်အဝန်းကို တည်ဆောက်မလဲ-ဆိုတာပါပဲ။"

ကောင်းမွန်တဲ့ အာဆီယံ အသိုက်အဝိုင်းတခု တည်ဆောက်ဖို့နဲ့ အာရှဒေသ တည်ငြိမ်အေးချမ်းစေဖို့ အမေရိကန်နိုင်ငံက ကူညီမယ်လို့ လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတအိုဘားမားက ကတိပေးခဲ့သလို လက်တွဲလုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

"အာရှပစိဖိတ်ဒေသ ပိုပြီးလုံခြုံဖို့ အတူလက်တွဲ လုပ်ဆောင်နိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ အမေရိကန်နိုင်ငံက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးဖြစ်ပေမယ့် ထိပ်တိုက်ရင်ဆိုင်ဖို့ထက် ငြိမ်းချမ်းရေးကိုပဲ ကြည့်ပါတယ်။ ပြဿနာဖြစ်နေတဲ့ ဒေသတွေမှာလည်း ငြိမ်းငြိမ်းချမ်းချမ်း ပြေလည်သွားဖို့၊ နိုင်ငံကြီးတွေက နိုင်ငံငယ်လေးတွေကို အနိုင်မကျင့်ဖို့နဲ့ နိုင်ငံအားလုံးဟာ နိုင်ငံတကာ ဥပဒေအောက်မှာ တန်းတူညီမျှမှု ရှိနေရမှာပါ။"

သမ္မတ အိုဘားမား မိန့်ခွန်းပြောနေစဉ်မှာပဲ ပရိတ်သတ်ထဲက TPP ခေါ် ပစိဖိတ်ဒေသတွင်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကို ဆန့်ကျင်သူတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုတွေ ကြုံခဲ့ရပါတယ်။

ဒီ ကုန်သွယ်မှုသဘောတူစာချုပ်က TPP ပစိဖိတ်ဒေသတွင်း နိုင်ငံများ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်တာဖြစ်ပြီး နိုင်ငံတနိုင်ငံ ကြွယ်ဝချမ်းသာလာစေဖို့ အရေးပါတဲ့ အချက်တွေဖြစ်တဲ့ အလုပ်သမား အကာအကွယ်ပေးမှုအဆင့် မြင့်မားလာစေဖို့နဲ့ သဘာဝဝန်းကျင် ကာကွယ်ဖို့အပြင် ဉာဏမူပိုင်ခွင့် ကာကွယ်ရေးတွေ ရှိလာစေဖို့ လုပ်ဆောင်တာဖြစ်ပြီး ဒါတွေဟာ တရားဥပဒေ စိုးမိုးမှုနဲ့ ပွင့်လင်းမြင်သာမှုတွေ ရှိလာစေဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့လည်း သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG