အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားနဲ့ ဂျာမနီဝန်ကြီးချုပ် အန်ဂယ်လာ မာခဲလ်တို့ ဂျာမနီရဲ့ စက်မှုမြို့ Hannover မှာ တနင်္ဂနွေနေ့က တွေ့ဆုံပါတယ်။ ကမ္ဘာ့စီးပွားရေးကအစအတ္တလန္တိတ် တဖက်တချက်နိုင်ငံများ လုံခြုံရေးအပေါ် အကြမ်းဖက် ခြိမ်းခြောက်မှု မြင့်မားလာနေတာအဆုံး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
တချိန်က ဂျာမနီနန်းဆက် Royal House of Hannover ရဲ့ နွေရာသီစံအိမ်ဖြစ်ခဲ့တဲ့ ခမ်းနားထည်ဝါလှတဲ့ ရှလော့စ် ဟယ်ရင်းဟာဆင် (Schloss Herrenhausen)မှာ သမ္မတ အိုဘားမားကို ဂျာမနီဝန်ကြီးချုပ် မာခဲလ်က တရားဝင် ကြိုဆိုခဲ့ပါတယ်။ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ဗြိတိန်၊ ပြင်သစ်နဲ့ အီတလီတို့က နိုင်ငံ အကြီးအကဲတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမယ့်အစီအစဉ် ရှိပါတယ်။ မီဒီယာတွေနဲ့ တွေ့ဆုံအပြီးမှာတော့ သမ္မတ အိုဘားမားနဲ့ ဂျာမနီ ဝန်ကြီးချုပ် Merkel တို့ Hannover Messe ကုန်သွယ်ရေး ပြပွဲကြီးကို တရားဝင် ဖွင့်လှစ်ပေးမှာလည်း ဖြစ်ပါတယ်။
Hannover Messe ကတော့ စက်မှုနည်းပညာဆိုင်ရာ ကမ္ဘာ့ ဦးဆောင် ကုန်သွယ်ရေးပြပွဲကြီးအဖြစ် သတ်မှတ် ကြပါတယ်။ နိုင်ငံပေါင်း ၇၀ က ခင်းကျင်းပြသသူ ၆,၅၀၀ နဲ့ လာရောက်ကြည့်ရှုသူပေါင်း ၂၀၀,၀၀၀ လောက် ရှိမယ်လို့လည်း စီစဉ်သူတွေက ခန့်မှန်းထားကြပါတယ်။
အမေရိကန်နဲ့ ဂျာမနီ နှစ်နိုင်ငံကြား ကုန်သွယ်ရေးအပါအဝင် ကိစ္စရပ်အများအပြားမှာ ပူးပေါင်းဆောင်ရွက်မှု အရေးပါတဲ့အကြောင်းကို အခုပွဲတော်က ပြသလိုက်တာ ဖြစ်တယ်လို့လည်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။