သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနွယ်ဖွား အမေရိကန် ကျဆုံးစစ်သည် အောက်မေ့ဖွယ် အမှတ်တရ


မြန်မာနွယ်ဖွား အမေရိကန်ကျဆုံးစစ်သည် တပ်ကြပ်လောင်း ဝေဖြိုးလွင်။
မြန်မာနွယ်ဖွား အမေရိကန်ကျဆုံးစစ်သည် တပ်ကြပ်လောင်း ဝေဖြိုးလွင်။

ဒီကနေ့ ကျရောက်တဲ့ အောက်မေ့ဖွယ်နေ့မှာ ကျဆုံး စစ်သည်တဦးဖြစ်တဲ့ မြန်မာနွယ်ဖွား၊ အမေရိကန်နိုင်ငံသား တပ်ကြပ်လောင်း ဝေဖြိုးလွင်ရဲ့ အကြောင်းကိုလည်း ပြောပြချင်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဝေဖြိုးလွင်ဟာ Army National Guard - ပြည်တွင်း ကာကွယ်ရေး အရံတပ်ဖွဲ့ - ကြည်းတပ် ၊ တပ်ရင်း (၁) ၊ ၆၉ ခြေမြန်တပ်ရင်း၊ Manhattan နယူးယောက်မြို့က ဖြစ်ပါတယ်။အီရတ်နိုင်ငံမှာ ၂၀၀၅ ခုနှစ်က မတ်လ ၂ ရက်နေ့က ကင်းလှည့် တာဝန်ထမ်းဆောင်ရင်း လမ်းဘေးထောင်ဗုံးထိပြီး ဘက်ဂဒတ်မြို့က နိုင်ငံတကာလေဆိပ်အနီး ကျဆုံးသွားခဲ့တာဖြစ်ပြီး နယူးယောက်မြို့၊ Long Island အမျိုးသား စစ်သချုႋင်းမှာ စစ်အခမ်းအနားနဲ့ သူ့ကို မြေမြုပ် သင်္ဂြိုလ်ခဲ့တာ ဖြစ်ပါတယ်။ သူ့အကြောင်း အမှတ်တရအနေနဲ့ နယူးယောက်မြို့နေ မိခင်ဖြစ်သူ ဒေါ်မေသီခကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စဖြေပါတယ်။

”သားက ဆုံးသွားတာ မတ်လ ၂ရက်နေ့ပေါ့။ ၂၀၀၅ပါ။ ကျွန်မက ရန်ကုန်မြို့က ပြန်ရောက်တဲ့ နေ့ပါ။ ကျွန်မ အဖေ ဒေါက်တာ မောင်မောင်ခ ဆုံးသွားတာ ဖြစ်တဲ့အတွက် ကျွန်မ ပြန်သွားတာပါ။ နောက်တော့ သား ကိုယ်တိုင်ကလည်း ဒီဘဂ္ဂဒက်မှာ တောထဲမှာ ခဏခဏ လှည့်ကင်းတွေ ဘာတွေ လှည့်နေရတဲ့အတွက် အရမ်းကို စိတ်ပူတာနဲ့ မသွားခင်မှာလဲ သားကို ပြောသွားပါတယ်။ မေမေ ဖိုးဖိုး အခြေအနေ သိပ်မကောင်းတဲ့အတွက် သွားတော့မယ်။ ခဏ သွားမယ်ပေါ့။ ဒါပေမယ့် ဟိုလည်း ရောက်ကော ကျွန်မ ဖေဖေလဲ ဆုံးတာပါပဲ။ဖေဖေရဲ့ နာရေး ကိစ္စတွေ ဘာတွေ လုပ်ပေးပြီး ရက်လည်ပြီးတဲ့နောက်မှာ ကျွန်မ ဒီကို ပြန်လာတော့ နှစ်ပတ်ကြာသွားပါတယ်။ သူကလည်း သွားပါတဲ့ နောက်ထပ် နှစ်ပတ်နေတဲ့ အခါကျရင်ခွင့်နဲ့ ပြန်ရောက်တော့မှာပါ။ ပြန်ရောက်ရင် စကားပြောကြတာပေါ့။ ဒါပေမယ့် အခုလောလောဆယ်ကတော့ သူက တောထဲ ရောက်နေတော့ ဆက်လို့လဲ မရဘူးရှင့်။ ကျွန်မ ဒီရောက်တဲ့နေ့ပဲ ၁၂ နာရီခွဲလောက် လေယာဉ် ဆိုက် အိမ်ပြန်ရောက်ပြီး နားနေပြီး ည ဂနာရီ၊ ၉နာရီလောက်မှာ သက်ဆိုင်ရာက လာပြီးတော့ army official နှစ်ယောက်က အိမ်မှာ လာပြီးတော့ ပြောပါတယ်။ ကျွန်မ သားအငယ်က အရင် ဆင်းသွားတော့ သူ့စိတ်ထဲမှာ သူ့အစ်ကို ကို ပြန်ရောက်လာတယ် အောက်မေ့လိုက်တာ။ နှစ်ယောက်တွေ့တော့ သူ သိလိုက်တယ်။ ကျွန်မဒီမှာ စစ်မှုထမ်းတွေရဲ့ ဓလေ့ပေါ့လေ။ နှစ်ယောက်လာပြော တယ်ဆိုရင် ကောင်းတဲ့ စကား မဟုတ်ဘူးပေါ့လေ။ သူ သတင်းဆိုး ကြားရတော့မယ်ဆိုတာ သိလိုက်တော့ သူက အမေကို မေမေ ဆိုပြီး နောက်ကို လှည့်လိုက်တယ်။ ကျွန်မလဲ ချက်ချင်း သိလိုက်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မ ခင်ပွန်း ကိုသိန်းဇော်လင်းက ရန်ကုန်ကို ရောက်နေတယ်။ သူ့အဖေအမေတွေ နေမကောင်းဖြစ်နေတော့ အဲဒီကို သွားနေတဲ့အတွက် ကျွန်မတစ်ယောက်တည်းပေါ့။ ဒီမှာ။ အဲဒီတော့ ကျွန်မ တစ်ယောက်တည်းပဲ သူတို့နှစ်ယောက်ပြောတာကို ကြံ့ကြံ့ခံပြီး နားထောင်ရတာပေါ့။ အဲဒီနေ့က ဖေဖေ ဆုံးပြီး နှစ်ပတ်အကြာမှာ သားဆုံးသွားတာပါ။”

”ကိုဝေဖြိုးလွင်ကရော ဘယ်လို လူမျိုးလဲခင်ဗျ။ သူ အမေရိကန် စစ်တပ်ထဲ ဝင်ပြီးတော့ တိုင်းပြည်အတွက် တာဝန် ထမ်းဆောင်ရတာကို သူ နှစ်သက်သလား။ ဝါသနာပါသလား။ သူ ဘယ်လို လူမျိုးလဲ။”

”သားက ဘယ်လိုလဲ ဆိုတော့ သူ ၇တန်းလောက်တုန်းက ရန်ကုန်မှာ ကျွန်မတို့ နေတုန်းက သူ ကစားရင်လဲ စစ်တိုက်တန်းပဲ ကစားတယ်။ အိမ်မှာ ဗမာပြည်မှာ နေကတည်းက ကင်းလှည့်တဲ့ စစ်သားတွေ ရဲသားတွေ ဘာတွေတွေ့ရင်ကို သူက မိတ်ဆွေ သွားလုပ်ပြီး၊ ဦးဦးသေနတ် ခဏ ကိုင်ကြည့်လို့ ရမလား ဆိုပြီး။ အဲလိုမျိုး သူက စိတ်ဝင်စားတာ။ ငယ်ငယ်ကတည်းက စကားစတတ်ကတည်းက သားသား ကြီးလာရင် ဘာလုပ်မလဲ ဆိုရင် ဆရာဝန်ကြီး လုပ်မယ်။ ကျောင်းဆရာကြီး လုပ်မယ်ဆိုရင် သားက အမြဲတမ်း စစ်သားကြီး လုပ်မယ်ဆိုပြီး ပြောခဲ့တယ်။ အဲဒီတုန်းကတော့ ကျွန်မ သိပ်ပြီး ရှည်ရှည်ဝေးဝေး မစဉ်းစားခဲ့မိဘူး။ အော် သူ စစ်တိုက် ဝါသနာ ပါတယ် အောင့်မေ့တာ။ ဒီနိုင်ငံကို ကျွန်မတို့ အလုပ်အကိုင် အခြေအနေအရ ပြောင်းလာတဲ့အခါ သူတို့လည်း ပါလာတာပေါ့လေ။ ဒီမှာ ၁၂ တန်းအောင်တဲ့အချိန်မှာ ဝင်ဖို့ ခွင့်တောင်းတယ်။ အဲဒီတုန်းက အသက်မပြည့်သေးတော့ မိဘ သဘောတူညီချက် ယူရတာပေါ့။ မိဘက သဘောမတူလို့ သူမဝင်ရဘူး။ အသက် ၂၁ နှစ်ကျော်တော့ သူ့စိတ်နဲ့ သူ့ကိုယ်နဲ့ ဝင်လို့ ရပြီ၊ လက်မှတ်ထိုးလို့ ရပြီဆိုတော့ မိဘကို မပြောတော့ပဲနဲ့ သူ့ဟာနဲ့သူ သွားပြီး လက်မှတ်ထိုးလိုက်တာ ရှစ်နှစ် ထိုးလိုက်တာပါ။ မတရားတာကို မကြိုက်တဲ့ သူဆိုတော့ သတ္တိလဲ အရမ်းရှိပါတယ်။ ဒါကြောင့်လဲ မပြောမဆိုနဲ့ သူ လက်မှတ်ထိုး လိုက်တာပါ။”

”သူဖြစ်ချင်တဲ့ သူငယ်ငယ်ကတည်းက စိတ်ကူးကို အကောင် အထည် ဖော်သွားတယ်လို့ ပဲ ပြောရမှာပေါ့။”

“မှန်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်မလဲ အဲဒါကို ကြံဖန်ပြီး ဝမ်းသာကြည့်တာပါ။ သူ သိပ်ဝါသနာပါတဲ့ ငယ်ငယ်လေးကတည်းက လုပ်ချင်တဲ့အလုပ်ကို သူမသေခင်အထိ လုပ်သွားရတယ်။ သူကျဆုံးသွားတဲ့အခါမှာလည်း သူ ဂုဏ်ယူတဲ့ အလုပ်နဲ့ ကျဆုံးသွားတယ်ဆိုတော့ ကျွန်မ ဖြေသာပါတယ်။ ဒီလိုပဲ ကျွန်မ ဖြေပါတယ်။”

”ကျွန်တော်တို့ ကြားရတာကတော့ ကိုဝေဖြိုးလွင်ဟာ တိုင်းပြည်အတွက် အသက်ပေးသွားတဲ့အတွက် သူရဲကောင်း ဆုတွေ၊ ဘာတွေတော်တော်များများ ရတယ်လို့ သိရပါတယ်။ ဘယ်လို ဆုမျိုးလဲ ခင်ဗျ။”

”ဆုတွေက တော်တော်လေး ရပါတယ်။ သူဆုံးသွားမှ ကျွန်မတို့ သိတာပါ။ သူကလည်း သိပ်ပြီး ပြောမနေပါဘူး။ သူရှေ့တန်း ရောက်နေတဲ့ အတွက်လေ။ သူက purple heart လည်းရပါတယ်။ အဲဒါက တော့ တိုင်းပြည်အတွက် အသက်ပေးပြီးဖြစ်ဖြစ်၊ အနာတရ ဖြစ်အောင် ရွပ်ရွ့ပ်ချွန်ချွန် တိုက်ပွဲဝင်သွားတဲ့ သူတွေကို ပေးတဲ့ ဆုပေါ့။ နိုင်ငံတော် သမ္မတ ကိုယ်တိုင်ပေးတဲ့ ဆုပေါ့။ အဲဒီတုန်းကတော့ ဂျော့ဘုရှ်ပေါ့။ နောက်ပြီးတော့ တပ်မတော်ရဲ့ အမြင့်ဆုံး ဆုပေါ့။ army က ဆုပေါ့။ ကျွန်မလဲ အဲဒီနာမည်တွေတော့ အတိအကျ မခေါ်တတ်ပါဘူး။ အဲဒီဆုတွေလဲ ရပါတယ်။ governor ပေးတဲ့ ဆုလည်း ရပါတယ်။ mayor ပေးတဲ့ ဆုလည်း ရပါတယ်။ အဲဒီတုန်းက ဟီလာရီ ကလင်တန်က ဂုဏ်ပြုပေးတဲ့ ဆုလဲ ရှိပါတယ်။ နောက်ပြီး၊ သူအသက်ကယ်ပြီး ရွပ်ရွပ်ချွန်ချွန် လုပ်တဲ့ လုပ်ရပ်နဲ့ ပက်သက်ပြီးတော့ အဲဒီ ဘဂ္ဂဒက်မှာ ရှိနေတုန်းမှာ ပေးတဲ့ coin ဆုတွေ။ millitary coin ဆုတွေ လည်း ၁၄ ဆုရပါတယ်။ အဲဒါတွေကလည်း သူဆုံးပြီးမှ ကျွန်မနဲ့ ကျွန်မခင်ပွန်း သိရတာပေါ့။ အဲဒါလေးတွေ သိမ်းထားတာပေါ့။ သူ့အတွက်ပေါ့လေ။ ရွပ်ရွပ်ချွန်ချွန်တော့ သူ သတ္တိ ရှိရှိနဲ့ သူတာဝန် ထမ်းဆောင်ပါတယ်။”

”ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။”

”အခုလိုလည်း သားကို ဒီလို နေ့မျိုးမှာ သတိတရ မေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။”

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG