အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးဖွံ့ဖြိုးမှု ပိုပြီးခိုင်မာအားကောင်းလာရေး အခြေခံကောင်းတရပ် ထားရှိနိုင်ဖို့ လူလတ်တန်းစားတွေအတွက် ပိုပြီးကောင်းမွန်တဲ့ အခြေအနေတရပ်ဖြစ်အောင် ဆောင်ရွက်ရမယ်လို့ သမ္မတအိုဘားမား က ပြောဆိုလိုက်ပါတယ်။ စနေနေ့ ပြောတဲ့ သူ့ရဲ့ သီတင်းပတ်စဉ်မိန့်ခွန်းမှာ ပြောသွားတာပါ။
စီးပွားရေးအကျပ်အတည်းမကြုံခင် နှစ်အတော်ကြာ ကတည်းက၊ အရင်းအနှီး ပိုင်ဆိုင်မှုတွေဟာ ချမ်းသာသူတွေဆီမှာပဲ မမျှမတ စုပြုံရောက်နေပြီးတော့၊ ကျန်မိသားစု အတော်များများမှာတော့ အတော်လေး ရုန်းကန်အလုပ် လုပ်ခဲ့ရတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ ဒီလို အခြေအနေမျိုးကို ပြောင်းပြန် လှန်ပစ်ဖို့ကိစ္စဟာ၊ ၀ါရှင်တန်နိုင်ငံရေးအတွက် အရေးအကြီးဆုံး ဦးစားပေးလုပ်ငန်းဖြစ်ရမယ် လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။
ဒါကြောင့် လူလတ်တန်းစားတွေအတွက် ကြီးမားတဲ့ညှိနှိုင်းဆောင်ရွက်မှု တရပ်ကို သူအဆိုပြုထားတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ လူလတ်တန်းစားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်မယ်ဆိုတော့မှ အခွန်လျှော့ပေါ့ခွင့် ကိစ္စတွေပေးဖို့ ရီပက်ပလစ်ကန်ပါတီနဲ့ ဆောင်ရွက်သွားမယ်လို့ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။