သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်တင်ဘာ ၁၁ နေရာအနီး ဗလီဆောက်မှု အိုဘားမား ထောက်ခံ


၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ နယူးယောက်မြို့ မန်ဟန်တန် (Manhattan) အောက်ပိုင်းရပ်ကွက် ကမ္ဘာ့ကုန်သွယ်ရေး မျှော်စင်ညီနောင်နဲ့ မနီးမဝေးက မူစလင်ဗလီတစ်ခု ပြန်လည် ပြင်ဆင် မွမ်းမံရေးကိစ္စကို သူထောက်ခံတယ်လို့ အမေရိကန် သမ္မတ အိုဘားမားက သြဂုတ်လ ၁၃ ရက်နေ့ညက ပြောဆိုလိုက်ပါတယ်။ အငြင်းပွားစရာ ဖြစ်နေတဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတ အိုဘားမားက သောကြာနေ့ညက အိမ်ဖြူတော်မှာ ကျင်းပတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်မာဒန် (Ramadan) ဥပုသ် ကာလ စတင်တဲ့ အထိမ်းအမှတ် ညစားစားပွဲမှာ သူ့သဘောထားကို ပြောဆိုခဲ့တာပါ။

နယူးယောက်မြို့ မန်ဟန်တန် အောက်ပိုင်းရပ်ကွက် ပုဂ္ဂလိကမြေပေါ်မှာ ဘာသာရေး ၀တ်ပြုရာနေရာနဲ့ အစ္စလာမ်ဘာသာဝင်တွေ စုဝေးရာ နေရာတစ်ခု တည်ဆောက်ရေးအတွက် မွတ်စလင်တွေမှာ အခွင့်အရေး ရှိတယ်လို့ သမ္မတအိုဘားမားက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဘာသာရေး လွတ်လပ်ခွင့် ရှိခြင်းကို အခိုင်အမာ အာမခံထားမှုဟာ မယိမ်းမယိုင် တည်မြဲနေရမှာ ဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောဆိုသွားခဲ့ပါတယ်။ CNN သတင်းဌာနကောက်ယူတဲ့ စစ်တမ်းအရတော့ တုံ့ပြန်ဖြေကြားကြသူတွေရဲ့ ၇၀% နီးပါး က ဒီကိစ္စကို သဘောမတူ ကန့်ကွက်ကြပါတယ်။ လူပေါင်း ၃,၀၀၀ လောက် သေဆုံးသွားခဲ့ရတဲ့ ဒီအကြမ်းဖက် တိုက်ခိုက်မှုကြီး ဖြစ်ခဲ့ရာ နေရာနဲ့ မလှမ်းမကမ်းမှာ မူစလင် ဗလီနဲ့ လူ ၅၀၀ ဆန့် ခန်းမ၊ အားကစားရုံ၊ ပြဇာတ်ရုံ၊ စားသောက်ဆိုင် စတာတွေ ပါဝင်ပြီး အမေရိကန် ဒေါ်လာသန်း ၁၀၀ ကုန်ကျမယ့် မူစလင်ဘုံရိပ်သာ ဆောက်မယ့် စီမံကိန်းဟာ အကြမ်းဖက်ခံရလို့ သေဆုံးသွားသူတွေကို မလေးစားရာ ရောက်တယ်လို့ အမေရိကန်တွေက မှတ်ယူနေကြပါတယ်။

နယူးယောက် မြို့တော်ဝန် မိုက်ကယ်လ် ဘလွန်းဘာ့ဂ် (Michael Bloomberg) အပါအ၀င် ဒီစီမံကိန်းကို ထောက်ခံသူတွေကတော့ နယူးယောက်မြို့လယ်က ဒီမူစလင် ဘုံရိပ်သာဟာ အနောက်ကမ္ဘာနဲ့ မူစလင်ကမ္ဘာအကြား ပေါင်းကူးပေးမယ့် တံတားအဖြစ် ပြောဆိုနေ ပါတယ်။

XS
SM
MD
LG