မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ထပ်ပြောလိုက်ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံကို အင်္ဂါနေ့က သွားခဲ့တဲ့ သမ္မတ အိုဘားမားက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာက…
“အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) နဲ့ ကမ္ဘာကြီး ဆက်ပြီး ရင်ဆိုင်သွားရမယ့် စိန်ခေါ်မှုတွေထဲမှာ တခုကတော့ မြန်မာနိုင်ငံ ကိစ္စပါပဲ။ မြန်မာလူထုနဲ့ သူတို့ရဲ့ အခွင့်အရေးတွေအတွက် ရပ်တည်ပြောဆိုပေးတဲ့ အင်ဒိုနီးရှားနိုင်ငံကို ကျနော် ချီးကျူးပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်မှု မရှိသလို မျှတမှုလည်း မရှိပါဘူး။
“ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် မြန်မာနိုင်ငံ ရောက်ဖို့နဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့ ကိစ္စတွေအတွက် ကျနော်တို့ ဆက်ပြီး ကြိုးပမ်းလုပ်ဆောင်သွားပါမယ်။ ပထမဆုံးအဆင့် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို မြန်မာအာဏာပိုင်တွေ ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးသင့်ပါတယ်။”
အင်ဒိုနီးရှား သမ္မတနဲ့ ဂျကာတာမှာ ပူးတွဲပြုလုပ်တဲ့ အင်္ဂါနေ့က သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမား ပြောသွားတာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိ အစိုးရတာဝန်တွေ ယူထားကြသူ ကိုယ်စားလှယ် အများစု ပါဝင်နေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက မဲ ၈၀% အနိုင်ရနေပြီဆိုပြီး အမည်မဖော်လိုတဲ့ တာဝန်ရှိသူတွေက သတင်းထောက်တွေကို ပြောနေပါတယ်။
ရွေးကောက်ပွဲ ဝင်ကြတဲ့အထဲက ဒီမိုကရေစီ လိုလားတဲ့ ပါတီတွေ ပြောနေကြတာကတော့ သူတို့ အနိုင်ရထားတဲ့မဲတွေ အလိမ်ခံခဲ့ရတယ်လို့ ပြောကြပါတယ်။ ဒီလို မဲမသမာမှုတွေ ဖြစ်နေတာကို အများပြည်သူသိအောင် ဖော်ထုတ်ဖို့ လုပ်နေကြသလို သက်ဆိုင်ရာကို တိုင်ကြားဖို့ လုပ်နေကြတယ်လို့လည်း ပြောကြပါတယ်။