သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ လူ့အခွင့်အရေး ဦးစားပေးဆွေးနွေးဖို့ အိုဘားမားကို PHR အဖွဲ့တိုက်တွန်း


အမေရိကန်သမ္မတ အိုဘားမား။
အမေရိကန်သမ္မတ အိုဘားမား။

သမ္မတအိုဘားမားအနေနဲ့ လာမယ့် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှာ လူနည်းစု ရိုဟင်ဂျာတွေကို ခွဲခြား ဖိနှိပ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဆုံးသတ်ရေး တိုက်တွန်းပြောဆိုဖို့ နယူးရောက်အခြေစိုက် PHR ခေါ် လူ့အခွင့်အရေးဆိုင်ရာ ဆေးပညာရှင်များ အဖွဲ့က တောင်းဆို လိုက်ပါတယ်။

အရှေ့အာရှထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မယ့် သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာအစိုးရ ခေါင်းဆောင်တွေကို ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ ဖိအားပေးပြောဆိုဖို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တွေက သမ္မတ အိုဘားမားကို ဝိုင်းဝန်းတောင်းဆိုနေကြတာပါ။

မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။

အမေရိကန်နဲ့မြန်မာဆက်ဆံရေးဟာ အရေးကြီးတဲ့အဆင့်ကိုရောက်နေတာကြောင့် သမ္မတအိုဘားမားအနေနဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိုပဲ ဦးစားပေးပြီး မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လစ်လျူရှုထားမလားဆိုတာကို စောင့်ကြည့်သွားမှာဖြစ်တယ်လို့ PHR ခေါ် လူ့အခွင့်အရေးဆိုင်ရာ ဆေးပညာရှင်များအဖွဲ့က ပြောပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ပတ်သက်လို့ လူသားချင်းစာနာမှုဆိုင်ရာ အရေးယူ ဆောင်ရွက်ပေးရေး မြန်မာအစိုးရကိုတိုက်တွန်းဖို့ သမ္မတအိုဘားမားကိုတောင်းဆိုတဲ့အကြောင်း PHR အစီအစဉ်ညွန်ကြားရေးမှူး Widney Brown က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ လူ့အခွင့်အရေးအခြေအနေကိစ္စမှာ အရေးကြီးဆုံး ဖြေရှင်း ရမယ့် ပြဿနာတခုကတော့ လူနည်းစုတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံနေရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က ရိုဟင်ဂျာ သုံးသိန်းနီးပါးဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံ နေထိုင်နေကြ ရပါတယ်။ သူတို့အားလုံးဟာ လက်ထပ်ထိမ်းမြားဖို့ လူမှုရေးကအစ၊ ခရီးသွားလာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ ခွဲခြား ဆက်ဆံခံ နေရပါတယ်။ ဒါအပြင် ရိုဟင်ဂျာဒုက္ခသည်တွေဟာ အခြားနိုင်ငံတွေကို ထွက်ပြေးကြတဲ့အခါမှာလည်း နယ်ခြားစောင့်တပ် အာဏာပိုင် တွေရဲ့ ကိုယ်ကျိူးရှာ အမြတ်ထုတ်မှုကိုလည်း ခံကြရပါတယ်။”

ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာကြောင့် အမေရိကန်နဲ့ စစ်ရေးဆက်ဆံမှုတိုးမြှင့်ရေး အလားအလာနဲ့ ပတ်သက်လို့ PHR အဖွဲ့အနေနဲ့ အထူးစိုးရိမ်မိကြောင်း Widney Brown က ပြောပါတယ်။

PHR အဖွဲ့အနေနဲ့လည်း မကြာခင်မှာ မြန်မာနဲ့ဂျပန်နှစ်နိုင်ငံ ပူးပေါင်းပြီး မြန်မာပြည်တွင်းမှာ စီးပွားရေးစက်မှု လုပ်ငန်းဇုံတွေတည်ဆောက်ဖို့ ဒေသခံ ပြည်သူတွေကို နေရပ်ကနေ အတင်းအဓမ္မရွှေ့ပြောင်းခိုင်းတာကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲစိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ အစီရင်ခံစာ ထုတ်ပြန်ဖို့ ရှိပါတယ်။ မြန်မာပြည်အနှံ့အပြားမှာလည်း စီးပွားရေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကြောင့် အစုလိုက်အပြုံလိုက် အတင်းအကြပ် နေရပ်ရွှေ့ပြောင်း ခံနေရတယ်လို့လည်း Widney Brown ကထောက်ပြပါတယ်။ ဒါအပြင် သူတို့အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ပြန်ပြီး လုပ်ကိုင်ခွင့်ရခဲ့တဲ့ MSF နယ်စည်းမထား ဆရာဝန်များအဖွဲ့နဲ့လည်း ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံကိုသွားမယ့် သမ္မတအိုဘားမားရဲ့ခရီးစဉ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို ဖိအားပေးပြောဆိုဖို့တိုက်တွန်းထားတဲ့ အဖွဲ့အစည်းတွေထဲမှာ PHR လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များအဖွဲ့ အပါအဝင် CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီနဲ့ HRW နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ကြီးတို့ လည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူးနေရာ ဝင်ရောက်ခွင့်ရနိုင်ရေးအတွက် သမ္မတအိုဘားမားအနေနဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့ အမေရိကန် အထက်နဲ့အောက်လွှတ်တော် အမတ် ၂ ဒါဇင်လောက်ကလည်း လက်မှတ်ရေးထိုး တောင်းဆို ထားတာပါ။

သမ္မတအိမ်ဖြူတော်ဘက်ကတော့ မြန်မာနိုင်ငံအပေါ်ထားရှိမယ့် အမေရိကန်ရဲ့မူဝါဒမှာ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီရေးကို အဓိက ဖြစ်တယ် လို့ သမ္မတ အိုဘားမားရဲ့လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Benjamin Rhodes က မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အတွက် ဆောင်ရွက်ပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က တွေ့ဆုံပွဲမှာ ပြောကြားသွားပါတယ်။

XS
SM
MD
LG