သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သမိုင်းဝင်ရွေးကောက်ပွဲ ထိပ်သီးညီလာခံမှာ အိုဘားမားချီးကျူး


သမ္မတ အိုဘားမား အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံ အဖွင့်အမှာစကား ပြောကြားစဉ်။
သမ္မတ အိုဘားမား အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံ အဖွင့်အမှာစကား ပြောကြားစဉ်။

အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ Rancho Mirage မှာရှိတဲ့ Sunnylands မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး သမ္မတ Barack Obama က ဒေသစံတော်ချိန် တနင်္လာနေ့က သမိုင်းဝင် ထိပ်သီးညီလာခံ ကျင်းနေပါတယ်။

အာဆီယံနိုင်ငံတွေနဲ့ အာရှပစိဖိတ်ဒေသဟာ အမေရိကန်ပြည်ထောင်စုအတွက် အရေးပါတဲ့ ဒေသတခုဖြစ်ကြောင်း ယူဆထားတာကြောင့် အာရှတိုက်ဒေသ ချိန်ခွင့်လျှာညှိရေး မူဝါဒအသစ် ချမှတ်လုပ်ဆောင်ခဲ့ကြောင်း သူ့ရဲ့ အဖွင့် မိန်ခွန်းထဲမှာ သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားသွားသလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်ပေါ်နေတာတွေကိုလည်း အခုလို ထဲ့သွင်း ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ သမိုင်းဝင်ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး လက်ရှိဖော်ဆောင်နေတဲ့ အာဏာလွဲပြောင်းမှု တနိုင်ငံလုံး အတိုင်းအတာနဲ့ စည်းလုံးညီညွတ် ငြိမ်းချမ်းပြီး အုပ်စုအားလုံးတို့ ပါဝင်ခွင့်ရတဲ့အပြင် ဒီမိုကရေစီနိုင်ငံ ဖြစ်လာရေးအတွက် နိုင်ငံသားတွေကို မျှော်လင့်ချက် ရစေတာ ဖြစ်ပါတယ်။”

ဒါ့အပြင် သမ္မတအိုဘားမားက YSEALI ခေါ် အာဆီယံနိုင်ငံတွေက လူငယ်တွေရဲ့ အရေးယူဆောင်ရွက်မှုဟာ ဒေသန္တရကို နေ့စဉ် ပုံဖော်နေတဲ့ လူငယ်တွေကို မြေထောင်မြောက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်တဲ့အပြင် လူငယ်တွေရဲ့ အရည်အသွေးတွေကိုလည်း သမ္မတက ချီးကျူးသွားပါတယ်။

သမ္မတအိုဘားမား ရာထူးတာဝန်စတင် ထမ်းဆောင်တဲ့အချိန်ကစလို့ အာဆီယံနဲ့ အမေရိကန်ကုန်သွယ်ရေးဟာ ၅၅% တိုးခဲ့ပြီး အာဆီယံဒေသန္တရဟာ အမေရိကန်ရဲ့ စတုတ္ထအကြီးဆုံးကုန်သွယ်ဖက် အုပ်စုဖြစ်တဲ့အကြောင်း ပြောပါတယ်။

ဒါ့အပြင် သမ္မတအိုဘားမားက အမေရိကန်နဲ့ အာဆီယံအကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ပြီး ပင်လယ် ရေကြောင်းသွားလာမှု ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အမေရိကန်ပြည်ထောင်စုက ဒေသတွင်းရှိ မဟာမိတ်နိုင်ငံတွေကို စစ်ရေးအရ အထောက်အကူပေးခဲ့တာတွေ ရှိတဲ့အပြင် တရားဝင်ကုန်သွယ်ရေးနဲ့ လူသားချင်းစာမှုဆိုင်ရာ ပဋိပက္ခဖြေရှင်းရေး အတွက်လည်း အမေရိကန်က အထောက်အကူပေးလျက် ရှိတဲ့အကြောင်း ထည့်သွင်း ပြောကြားသွားပါတယ်။

ဒီထိပ်သီးညီလာခံကို မြန်မာနိုင်ငံက ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတာပါ။

ထိပ်သီးညီလာခံအတွင်း အနာဂတ်ကာလ ဆယ်စုနှစ်ပေါင်းများစွာကြာတဲ့အထိ အမေရိကန်ပြည်ထောင်စုနဲ့ အာရှပစိတ်ဖိတ်ဒေသအကြား မဟာဗြူဟာမြောက် ဆက်ဆံရေး ချိန်ခွင်လျှာညှိပေးမယ့် မူဝါဒတွေကို သမ္မတအိုဘားမားက အဆိုပြု သွားမှာ ဖြစ်ပါတယ်။

အာရှဒေသနဲ့ ထိတွေ့ဆက်ဆံမှုဟာ အမေရိကန်ပြည်ထောင်စု အနာဂတ်မှာ ကြီးပွားတိုးတက်ဖို့နဲ့ လုံခြုံရေးတို့အတွက် အရေးပါတဲ့ အကြောင်းရပ်အဖြစ် သမ္မတအိမ်ဖြူတော်က ရှုမြင်ထားတာ ဖြစ်ပါတယ်။

တိုးတက် ပြောင်းလဲမှုတွေအပြင် မတူကွဲပြားမှုတွေ အများအပြားရှိနေတဲ့ ဒီဒေသဟာ ထူးကဲတဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေသလို၊ တင်းမာမှုတွေလည်း ဖြစ်ပေါ်နေတာကြောင့် တနိုင်ငံချင်းစီက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ လုံခြုံရေးကို အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

ဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲ - ကုန်သွယ်ရေးနဲ့ ကူးသန်း ရောင်းဝယ်မှုတွေ ပိုမို နီးစပ်နိုင်ရေး၊ TPP လို့ခေါ်တဲ့ ပစိဖိတ် ရပ်ဝန်းနိုင်ငံများ ကုန်သွယ်ရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရေး၊ လူထုအချင်းချင်းကြား ထိတွေ့ ဆက်ဆံရေး၊ အစွန်းရောက်အကြမ်းဖက်မှုတွေကို ပူးပေါင်း တိုက်ခိုက်ရေး၊ တိုင်းပြည်တွေအတွင်း ဖြစ်ပေါ်လာမယ့် အကြောင်းအရာများစွာကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် စည်းမျဉ်း၊ စည်းကမ်းတွေ ချမှတ်သွားရေးတို့ ပါဝင်ပါတယ်။

XS
SM
MD
LG