သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲတွေ စစ်လက်နက်အသုံးပြုမှု ပြန်သုံးသပ်ဖို့ အိုဘားမား အမိန့်ထုတ်


အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်နဲ့ မြို့နယ်ရဲတပ်ဖွဲ့တွေကို အစိုးရက စစ်သုံးလက်နက်တွေပေးနေတာ ပြန်ပြီးသုံးသပ်ဖို့ သမ္မတ Barack Obama က အမိန့်ပေးလိုက်ပါတယ်။ Missouri ပြည်နယ် Ferguson မြို့မှာ ရဲတယောက်ရဲ့ ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်တယောက်သေဆုံးခဲ့ပြီးနောက် အသားအရောင် အခြေခံတဲ့ အကြမ်းဖက်မှုတွေ ရက်ပေါင်းကြာအောင်ဖြစ်ခဲ့ပြီးနောက်မှာ သမ္မတအိုဘားမားက ခုလို အမိန့်ပေးခဲ့တာဖြစ်ပါတယ်။

စစ်သုံးလက်နက်တွေကို အစိုးရက ဆက်ပြီး ပေးသင့်သလား၊ မောင်းပြန် rifle သေနတ်တွေအပါအဝင် လက်နက်တချို့နဲ့ မြေမြှုပ်မိုင်းဒဏ်ခံနိုင်တဲ့ ယာဉ်တွေကို မြို့နယ်ရဲတပ်ဖွဲ့တွေက ဘယ်လို အသုံးပြုသလဲဆိုတာတွေကို အိမ်ဖြူတော်က သုံးသပ်မှာဖြစ်မယ်လို့ အစိုးရ အကြီးတန်း တာဝန်ရှိသူတွေက စနေနေ့က ပြောကြားခဲ့ပါတယ်။

Ferguson မြို့မှာ ဆန္ဒပြကြသူတွေကို သံချပ်ကာကားတွေထဲက ရဲတွေက စစ်လက်နက်တွေနဲ့ ရင်ဆိုင်နေတဲ့ ဓါတ်ပုံတွေ၊ Video တွေကြောင့်
အမေရိကန်ပြည်သူ တော်တော်များများနဲ့ လွှတ်တော်အမတ်တချို့က ထိတ်လန့်ခဲ့ကြပါတယ်။ ထိပ်တိုက်ရင်ဆိုင်မှုအတွင်း လက်နက်မဲ့ လူမည်း ဆယ်ကျော်သက်တယောက်ကို လူဖြူ ရဲအရာရှိတယောက်က ပစ်သတ်ခဲ့တဲ့ August လ ၉ ရက်နေ့က စတင်ပြီး ဆန္ဒပြမှုတွေဖြစ်ခဲ့တာပါ။

လုယက် ဆူပူမှုတွေလည်း ရက်နဲ့ချီ ဆက်ဖြစ်ခဲ့ပါတယ်။ အစိုးရချပေးတဲ့ အသုံးစရိတ်နဲ့ ခုလို စစ်လက်နက်ပစ္စည်းတွေ လွှဲပြောင်းပေးတာ သင့်လျော်ရဲ့လား၊ နောက် မြို့နယ်ရဲတပ်ဖွဲ့တွေမှာ ဒီလက်နက်တွေသုံးဖို့ သေသေချာချာ လေ့ကျင့်ထားရဲ့လားဆိုတာကို သမ္မတက သိချင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သုံးသပ်မှုတွေလုပ်တဲ့နေရာမှာ လွှတ်တော်နဲ့လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အစိုးရ အကြီးတန်းတာဝန်ရှိသူတွေက ပြောပါတယ်။

Ferguson မြို့မှာတော့ စနေနေ့က ပြိုင်ဘက်ထောက်ခံသူအဖွဲ့ ၂ ခုက သီးခြားစီ လူထုစုဝေးပွဲတွေ လုပ်ခဲ့ကြပါတယ်။ လူဖြူမဟုတ်သူများ တိုးတက်ရေးအဖွဲ့ NAACP၊ St. Louis ခရိုင်ရုံးခွဲက သေဆုံးသူ Michael Brown အတွက် စုဝေးပွဲကို ဦးစီးလုပ်ခဲ့ပါတယ်။ နောက်တနေရာမှာတော့ ပစ်ခတ်ခဲ့တဲ့ ရဲအရာရှိ Darren Wilson ကိုထောက်ခံတဲ့ လူစုပွဲကို လုပ်ခဲ့ကြပါတယ်။

XS
SM
MD
LG