သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ကို အမေရိကန် စစ်ဖက် အကြံပေးများ စေလွှတ်မည်


အိမ်ဖြူတော်မှာ အမေရိကန် သမ္မတ အိုဘားမား အီရတ်အရေး မိန့်ခွန်းပြော။ (ဇွန် ၁၉၊ ၂၀၁၄)
အိမ်ဖြူတော်မှာ အမေရိကန် သမ္မတ အိုဘားမား အီရတ်အရေး မိန့်ခွန်းပြော။ (ဇွန် ၁၉၊ ၂၀၁၄)
အီရတ်နိုင်ငံမှာ ဆူနီစစ်သွေးကြွတွေကို အီရတ်အစိုးရ နှိမ်နင်းတိုက်ခိုက်နေရာမှာ ကူညီဖို့အတွက် အမေရိကန် စစ်အကြံပေး ၃၀၀ ကျော်နဲ့ စစ်လက်နက် ပစ္စည်းတွေ ပေးပို့သွားဖို့ ပြင်ဆင်နေတယ်လို့ သမ္မတ အိုဘားမားက ပြောလိုက် ပါတယ်။ ၂၀၀၃ခုနှစ်ကစခဲ့တဲ့ အီရတ်စစ်ပွဲအတွင်းမှာ ကြီးမားတဲ့ ဒဏ်ရာ ဒဏ်ချက်တွေ ရှိခဲ့တာမို့၊ သူ့အနေနဲ့ အီရတ်ကို အမေရိကန်မြေပြင် တပ်တွေ စေလွှတ်မှာ မဟုတ်ဘူးလို့ သမ္မတအိုဘားမားက မနေ့က အိမ်ဖြူတော်မှာ ပြောဆိုလိုက်ပါတယ် ။

ဒါပေမဲ့လို့လည်း အီရတ်က စစ်သွေးကြွတွေကို အသေအချာပစ်မှတ်ထားတဲ့ စစ်ဆင်ရေးမျိုးတွေအတွက် အသင့်ရှိပြီး၊ လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ကိုလည်း ထည့်သွင်းစဉ်းစားထားတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ အီရတ်က ဆူနီသူပုန်တွေဟာ အခုဆိုရင် အီရတ်မြောက်ပိုင်း အဓိကကျတဲ့ မြို့တွေကို သိမ်းယူထားပြီး၊ ဘဂ္ဂဒတ်ကိုလည်း ခြိမ်းခြောက်နေပါတယ်။ အမေရိကန် မဟာမိတ်တွေနဲ့ ဆွေးနွေးဖို့အတွက်လည်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို အရှေ့အလယ်ပိုင်းနဲ့ ဥရောပတိုက်ဖက်ကို သမ္မတ အိုဘားမားက စေလွှတ် ထားပါတယ်။

အီရတ်နိုင်ငံတွင်း အစုအဖွဲ့အားလုံးကို လေးစားအသိအမှတ်ပြုဖို့ အီရတ်အစိုးရ ဖိအားပေးရာမှာ အမေရိကန်ဦးဆောင်မှုကို လိုက်မယ်ဆိုရင်၊ အီရန်နိုင်ငံအနေနဲ့ အီရတ်အရေးမှာ အပြုသဘောပါဝင်ဆောင်ရွက်တာဖြစ်နိုင်တယ်လို့လည်း သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ရှီရာမွတ်ဆလင် ဦးဆောင်တဲ့ အီရတ် အစိုးရကို တဖက်သတ်ထောက်ခံပြီး၊ စစ်ရေးအရ ဒီပြဿနာမှာ ဝင်ပါလာမယ်ဆိုရင်တော့ အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့ သမ္မတ အိုဘားမားက အီရန်နိုင်ငံကို သတိပေးပါတယ်။

ဒါကြောင့် အီရတ်နိုင်ငံတွင်း ပြည်တွင်းစစ်ဖြစ်လာစေမယ့် ဘာသာရေးအရ အုပ်စု အကွဲအပြဲတွေကို အားပေးတာမျိုး ရှောင်ဖို့ဆိုပြီး အီရန်ကို သတိပေးပြောပါတယ်။ လက်ရှိ အီရတ် အစိုးရမှာ ရှီရာမွတ်ဆလင်တွေက အဓိက ဦးဆောင်နေပြီး၊ တဖက်မှာ ဆူနီစစ်သွေးကြွတွေက အခု သူပုန်ထနေတာပါ။ အီရန်နိုင်ငံဟာ ရှီရာ မွတ်ဆလင်အများစု နိုင်ငံဖြစ်ပါတယ်။
XS
SM
MD
LG