သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုအပ်ရင် ဘင်လာဒင်လိုမျိုး နောက်ထပ်ဖြေရှင်းဖို့ အိုဘားမား ညွှန်ကြားမည်


လိုအပ်ရင် ဘင်လာဒင်လိုမျိုး နောက်ထပ်ဖြေရှင်းဖို့ အိုဘားမား ညွှန်ကြားမည်
လိုအပ်ရင် ဘင်လာဒင်လိုမျိုး နောက်ထပ်ဖြေရှင်းဖို့ အိုဘားမား ညွှန်ကြားမည်

အယ်လ်ခိုင်းဒါး (Al Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) ကို သုတ်သင်ခဲ့သလို လိုအပ်ရင် ပါကစ္စတန်နိုင်ငံကို နောက်တကြိမ် ဝင်ပြီး စီးနင်းတိုက်ခိုက်တာတွေ လုပ်ဖို့ အမိန့်ပေးမှာပဲလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ BBC သတင်းဌာနနဲ့ အမေးအဖြေမှာ သမ္မတ အိုဘားမားက ဒီကနေ့ ပြောခဲ့တာပါ။

ပါကစ္စတန်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အမေရိကန်က လေးစားတယ် ဆိုပေမဲ့ သူ့အစိုးရ အဖွဲ့ရဲ့ အလုပ်က အမေရိကန် ပြည်ထောင်စုကို လုံခြုံအောင် ဆောင်ရွက်ဖို့ပဲလို့ ဆိုပါတယ်။

ကျနော်တို့ရဲ့ ပြည်သူတွေ ဒါမှမဟုတ် ကျနော်တို့ရဲ့ မဟာမိတ်တွေကို သတ်ဖြတ်ဖို့ စီစဉ်နေတဲ့သူတွေ အဲဒီမှာ ရှိနေရင် ပါကစ္စတန်ကို နောက်တကြိမ် ဝင်ပြီး တိုက်ခိုက်ဖို့ ခွင့်ပြုမှာပဲလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

မေလ ၂ ရက်နေ့တုန်းက အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေဟာ ပါကစ္စတန်နိုင်ငံ အဘော့တာဘတ် (Abbottabad) မြို့က အိုစမာ ဘင်လာဒင် ရှိနေတဲ့ အိမ်ကို ဝင်ရောက်စီးနင်းပြီး သုတ်သင်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက် နောက်ပိုင်း အမေရိကန်နဲ့ ပါကစ္စတန်အကြား ဆက်ဆံရေးက ခပ်တန်းတန်း ဖြစ်လာခဲ့တာပါ။

အာဖဂန်နစ္စတန်က တိုက်ပွဲတွေ အဆုံးသတ်ရေး ကြိုးပမ်းတဲ့ အနေနဲ့ တာလီဘန်တွေနဲ့ စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ဖို့ ပြင်ဆင်ထားတယ်၊ ဒါပေမဲ့ တာလီဘန် ခေါင်းဆောင်တွေဘက်က အယ်လ်ခိုင်းဒါးနဲ့ အဆက်အသွယ်တွေကို အရင်ဖြတ်ရမယ်လို့ သမ္မတ အိုဘားမားက BBC နဲ့ အမေးအဖြေမှာ ပြောခဲ့ပါတယ်။ ဗြိတိန်နိုင်ငံကို မသွားခင် သမ္မတ အိုဘားမား အခုလို ပြောဆိုခဲ့တာပါ။

ဒီကနေ့ နှောင်းပိုင်းမှာ သမ္မတ အိုဘားမား ပြင်သစ်၊ ပိုလန်နဲ့ အိုင်ယာလန်နိုင်ငံတွေ အပါအဝင် ဥရောပ နိုင်ငံတွေဆီ ခရီးထွက်ပါလိမ့်မယ်။

XS
SM
MD
LG