သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအပေါ် အရေးယူနိုင်ရေး အိုဘားမား လွှတ်တော်နဲ့ ညှိနှိုင်း


ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူတိုက်ခိုက်မယ့် အစီအစဉ်အပေါ် ခွင့်ပြုတဲ့ ဆုံးဖြတ်ချက်ရဖို့ သူ့အနေနဲ့ လွှတ်တော်နဲ့ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ပြောပါတယ်။ ဆီးရီးယား ပြည်တွင်းစစ်မှာ ဆီးရီးယားအစိုးရဘက်ကနေ ဓာတုလက်နက် အသုံးပြုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး အောက်လွှတ်တော်ဥက္ကဌ အပါအဝင် လွှတ်တော် ခေါင်းဆောင်းပိုင်းတွေနဲ့ အခု အင်္ဂါနေ့ မနက်ပိုင်း ဆွေးနွေးပွဲအစမှာ သမ္မတ အိုဘားမားက အခုလို မှတ်ချက်စကား ပြောသွားတာပါ။

နိုင်ငံတကာ သတ်မှတ်ချက်တွေကို စိန်ခေါ်စမ်းသပ်တဲ့ ဆီးရီးယားပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ရှင်းရှင်းလင်းလင်း သိသွားစေဖို့၊ အတိုင်းအဆရှိပြီး အကန့်အသတ်ဆောင်တဲ့ စစ်ရေးတုံ့ပြန်မှုမျိုး အတည်ပြုပေးဖို့ လွှတ်တော်ကို တောင်းဆိုထားတယ်လို့ သမ္မတ အိုဘားမား က ပြောပါတယ်။ ဆီးရီးယား အတိုက်အခံတွေရဲ့ စွမ်းဆောင်နိုင်ရည် ပိုပြီး အားကောင်းလာဖို့ အပါအဝင် ကျယ်ပြန့်တဲ့ မဟာဗျူဟာတရပ် အမေရိကန် ပြည်ထောင်စုမှာ ရှိထားတယ်လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry)၊ ကာကွယ်ရေးဝန်ကြီး ချက် ဟေဂယ်လ် (Chuck Hagel) နဲ့ အမေရိကန် စစ်ဦးစီးချုပ်များ ပူးတွဲကော်မတီ ဥက္ကဌ Martin Dempsey တို့ဟာ အထက်လွှတ်တော်ရဲ့ နိုင်ငံခြား ဆက်ဆံရေး ကော်မတီရှေ့မှောက်မှာ ကြားနာစစ်ဆေးခံဖို့လည်း ရှိနေပါတယ်။ ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်ဖို့ သမ္မတ အိုဘားမားရဲ့ အဆိုပြုချက်အပေါ် ထောက်ခံမှု ရအောင်လို့၊ သမ္မတအိမ်ဖြူတော် အရာရှိတွေဟာလည်း လွှတ်တော်အမတ်တွေနဲ့ တံခါးပိတ်ဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်။

တနင်္လာနေ့တုန်းကတော့ လွှတ်တော်အမတ်နှစ်ဦးဖြစ်တဲ့ ဂျွန် မက်ကိန်း (John McCain) နဲ့ လင်ဆေး ဂရေဟမ် (Lindsey Graham) တို့ နှစ်ဦးဟာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်
ဆွေးနွေးပွဲအပေါ် အားရကျေနပ်မိပြီး၊ သမ္မတ အိုဘားမား အဆိုပြုထားတာတွေထဲက အချို့ကိုတော့ ပြင်ဆင်စေလိုတယ်လို့ လွှတ်တော်အမတ်နှစ်ဦးက ပြောပါတယ်။

ဆီးရီးယားသမ္မတ ဘာရှား အယ်အာဆပ်ရဲ့ အင်အားလုပ်နိုင်စွမ်းတွေ အားနည်းသွားအောင်လို့နဲ့၊ သူပုန်တွေကို အားကောင်းလာအောင် လုပ်ဖို့ လိုမယ်လို့ McCain က ပြောခဲ့ပါတယ်။ တနင်္လာနေ့ နှောင်းပိုင်းတုန်းက သမ္မတ အိုဘားမားနဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘဲ တို့ နှစ်ဦး တယ်လီဖုန်းနဲ့ ဆွေးနွေးစကားပြောရာမှာလည်း ဆီးရီးယားမှာ ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့အပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း နှစ်ဦးလုံးက ပြောခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ဒါဟာ သည်းခံလို့မရတဲ့ နိုင်ငံတကာစံနှုန်းကို ချိုးဖောက်မှုဖြစ်တယ်လို့ ခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့တဲ့အကြောင်း အိမ်ဖြူတော်ကြေညာချက်မှာ ဖော်ပြပါတယ်။
XS
SM
MD
LG