အမေရိကန်ပြည်ထောင်စုရဲ့ အုပ်ချုပ်မှုအောက် ပွာတိုရီကို (Puerto Rico) အနေနဲ့ ဆက်နေချင် မနေချင်ဆိုတဲ့ ဆုံးဖြတ်ချက်ကို သူ့အနေနဲ့ ထောက်ခံမယ့်အကြောင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ထပ်လောင်း ပြောကြားလိုက်ပါတယ်။
ပွာတိုရီကို လူထုက သေချာတဲ့ ဆုံးဖြတ်ချက် ချပြီးတာနဲ့ အဲဒီဆုံးဖြတ်ချက်ကို သူ့အနေနဲ့ ထောက်ခံသွားဖို့ အဆင်သင့်ပဲလို့ တပိုင်းတစ ကိုယ်ပိုင်အုပ်ချုပ်ရေး စနစ်နဲ့ ရပ်တည်နေတဲ့ အမေရိကန် လက်အောက်ခံ ပွာတိုရီကိုကျွန်းကို ရှားရှားပါးပါး သွားလည်ရင်း သမ္မတ အိုဘားမားက အဲဒီလို ပြောလိုက်တာပါ။
သူတို့အနေနဲ့ သီးခြား ပြည်နယ်တခု ဖြစ်ချင်သလား၊ လွတ်လပ်တဲ့ ဒေသတခု ဖြစ်ချင်သလား၊ ဒါမှမဟုတ် လက်ရှိအတိုင်း တပိုင်းတစ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသအဖြစ်နဲ့ပဲ ဆက်လက် ရပ်တည်ချင်သလားဆိုတာ ရှေ့နှစ်မကုန်ခင် မဲခွဲဆုံးဖြတ်ကြဖို့ သူ့အနေနဲ့ ထောက်ခံကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။
နှစ်ပေါင်း ၅၀ အတွင်း အမေရိကန် သမ္မတ တယောက်အနေနဲ့ ဒီကျွန်းကို လာလည်တဲ့ သမ္မတ အိုဘားမားရဲ့ ခရီးစဉ်ဟာ တဖြည်းဖြည်း သြဇာပိုရှိလာနေတဲ့ ဟစ်စ်ပန်းနစ် (Hispanic) လူမျိုးတွေထံကနေ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲမှာ မဲရဖို့ မှန်ကန်တဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ဆိုပါတယ်။
ပွာတိုရီကို ကျွန်းသားတွေရဲ့ လွတ်မြောက်ရေးအတွက် ကြိုးစား လှုပ်ရှားမှုတွေဟာ အမေရိကန်တလွှား အတုယူစရာ အဖြစ်နဲ့ ထင်ဟပ်နေတယ်လို့ အင်္ဂါနေ့က မြို့တော် ဆန်ဟွန် (San Juan) မှာ စိတ်ဓာတ်တက်ကြွစွာနဲ့ စောင့်မျှော်နေကြတဲ့ လူထုကြီးကို သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။