သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအပေါ် ကန် - ရုရှား သဘောထားကွဲပေမဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းလို


အမေရိကန်သမ္မတ အိုဘားမားနဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေးနေစဉ် ( ၁၇ ဇွန် ၂၀၁၃)
အမေရိကန်သမ္မတ အိုဘားမားနဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေးနေစဉ် ( ၁၇ ဇွန် ၂၀၁၃)
ဆီးရီးယားအရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံကြား ကွဲလွဲမှုတွေရှိပေမဲ့ ဆီးရီးယားနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်ဆိုင်းပြီး၊ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အားလုံးအနေနဲ့ ပဋိပက္ခတွေကို စေ့စပ် ညှိနှိုင်း ဖြေရှင်းရမယ် ဆိုတဲ့အပေါ်မှာတော့ နှစ်နိုင်ငံစလုံးက သဘောတူတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က ပြောပါတယ်။

မစ္စတာ ပူတင်နဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တို့ဟာ အိုင်ယာလန်မြောက်ပိုင်းမှာ ကျင်းပနေတဲ့ G8 စက်မှုထိပ်သီး ၈ နိုင်ငံရဲ့ ထိပ်သီးဆွေးနွေးပွဲ ပြင်ပမှာ တနင်္လာနေ့က သီးခြားတွေ့ဆုံပြီး ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ဖြစ်တယ်လို့ဆိုပြီး အဲဒီအတွက် ရုရှားသမ္မတကို ကျေးဇူးတင်တဲ့အကြောင်း မစ္စတာ အိုဘားမားက ပြောခဲ့ပါတယ်။ ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ အရာတိုင်း တသဘောတည်း မရှိပေမဲ့လို့၊ ဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်တယ်ဆိုတာနဲ့၊ ဆီးရီးယားမှာ ဓာတုလက်နက်ပစ္စည်း အသုံးပြုမှုတွေ မရှိအောင် ဆိုတဲ့အပေါ်မှာတော့ သူတို့နှစ်ဦး သဘောတူညီခဲ့ကြောင်း သမ္မတ အိုဘားမားကလည်း ပြောပါတယ်။

ဆီးရီးယားသမ္မတကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ သူပုန်အဖွဲ့တွေကို အမေရိကန်က စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့မယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ သူတို့နှစ်ဦး ဆွေးနွေးခဲ့ခြင်း ရှိ မရှိကို ဘယ်သူကမှ ထုတ်ဖော်မပြောခဲ့ကြပါဘူး။

ဒီအတောအတွင်း ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ် ကလည်း သူ့ကို အာဏာကနေ ဖြုတ်ချဖို့ တိုက်ခိုက်နေကြတဲ့ သူပုန်အဖွဲ့တွေကို လက်နက် အကူအညီ ပေးမယ်ဆိုရင် အဲဒီအတွက် ပြန်လည် ပေးဆပ်ရလိမ့် မယ်လို့ ဥရောပနိုင်ငံတွေကို ခြိမ်းခြောက်လိုက်ပါတယ်။

ဆီးရီးယားသူပုန်တွေကို လက်နက်တွေပေးတာဟာ ဥရောပကို အစွန်းရောက်တွေ ဝင်လာအောင် လုပ်ရာကျလိမ့်မယ်လို့ ဂျာမဏီသတင်းစာ တစ်စောင်ကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားအစိုးရက ဓာတုလက်နက်ပစ္စည်းတွေ အသုံးပြု တိုက်ခိုက်နေတယ်ဆိုတဲ့ အမေရိကန် အစိုးရက စွပ်စွဲချက်နဲ့ပတ်သက်လို့လည်း ဆီးရီးယားသမ္မတက ငြင်းပယ်ထားပါ တယ်။
XS
SM
MD
LG