သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖုန်းခိုးနားထောင်တဲ့ စွပ်စွဲမှု အိုဘားမား ငြင်းပယ်


နယူးယောက်မြို့မှာရှိတဲ့ Trump Tower က တယ်လီဖုန်းတွေကို ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲ မတိုင်ခင်မှာ သမ္မတဟောင်း Barack Obama က ခိုးနားထောင်ခဲ့တယ်လို့ စနေနေ့ မနက်အစောပိုင်းမှာ သမ္မတ Donald Trump က Twitter လူမှုကွန်ယက်က တဆင့် စွပ်စွဲ ရေးသားထားတဲ့ အချက်တွေအပေါ် Trump အစိုးရအဖွဲ့က တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဘယ်လို သက်သေ အထောက်အထားအပေါ် အခြေခံ ပြောဆိုတယ်ဆိုတာကိုတော့ Trump က ထုတ်ဖော် ပြောဆိုခြင်း မရှိသလို တယ်လီဖုန်းတွေကို ခိုးပြီး နားထောက်ခဲ့တယ်ခြင်း ရှိမရှိဆိုတဲ့ အထောက်အထားကိုလည်း ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် Mr Trump က သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ ရေးသားချက်တွေထဲမှာ ၁၉၇၄ ခုနှစ်က သမ္မတ Richard Nixon ရာထူးက နှုတ်ထွက်သွားစေခဲ့တဲ့ Watergate အရှုပ်တော်ပုံရဲ့ ပုံစံမျိုးဆန်ဆန် ရေးသား ဖော်ပြထားပါတယ်။

Watergate အရှုပ်တော်ပုံဟာ သမ္မတ Nixon ဦးဆောင်တဲ့ ရီပတ်ဘလီကန်ပါတီက မရိုးသားတဲ့ နိုင်ငံရေး လုပ်ဆောင်မှုတရပ်အနေနဲ့ ဒီမိုကရက်တစ်ပါတီရုံးက တယ်လီဖုန်းတွေကို ခိုးနားထောင်ဖို့ သမ္မတ Nixon ကိုယ်တိုင်က အိမ်ဖြူတော်ကနေ ညွန်ကြားခဲ့တဲ့ တယ်လီဖုန်း မှတ်တမ်းတွေကို အိမ်ဖြူတော် အရာရှိတွေက ဖော်ထုတ်လိုက်ပြီးတဲ့နောက် အဆုံးသတ်မှာ သမ္မတ Nixon ကိုယ်တိုင် ရာထူးက နှုတ်ထွက်ပေးလိုက်တဲ့အထိ ဖြစ်သွားခဲ့တာပါ။

သမ္မတ အိုဘားမားရဲ့ ပြောခွင့်ရက အဲဒီ စွပ်စွဲ ပြောဆိုမှုတွေဟာ မမှန်ကန်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

တရားရေးဌာနက ဦးဆောင် ပြုလုပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေမှာ အိုဘားမား အစိုးရအဖွဲ့ထဲက ဘယ်အရာရှိကမှ ဝင်ရောက် စွက်ဖက်ခဲ့ခြင်းမရှိကြောင်း၊ အဲဒီလို တားမြစ်ထားချက်ဟာလည်း အရေးကြီးတဲ့ အချက်တခုဖြစ်ကြောင်း သမ္မတဟောင်း အိုဘားမားရဲ့ ပြောခွင့်ရ Kevin Lewis က ပြောပါတယ်။

သမ္မတ အိုဘားမား၊ ဒါမှမဟုတ် အိမ်ဖြူတော် အရာရှိတဦးဦးက ဘယ် အမေရိကန်နိုင်ငံသား တဦးတယောက်ရဲ့ တယ်လီဖုန်းကိုမှ ခိုးနားထောင်ဖို့ အမိန့်ပေးခဲ့ခြင်း မရှိကြောင်း၊ အဲဒီလို လုပ်တယ်လို့ ပြောဆိုမှုတွေဟာ မမှန်ကန်ကြောင်း Lewis က ကြေညာထုတ်ပြန် ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG