သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား နဲ့ ဆော်ဒီဘုရင် အရှေ့အလယ်ပိုင်း ပဋိပက္ခအရေး ဆွေးနွေး


အမေရိကန်သမ္မတ Barack Obama နဲ့ ဆော်ဒီဘုရင် Salman တို့ဟာ ဗုဒ္ဓဟူးနေ့က Riyadh မှာ ၂ နာရီကြာ တံခါးပိတ် ဆွေးနွေးခဲ့ကြပြီး ဒေသတွင်း ပြဿနာတွေ လျှော့ချနိုင်ရေးအတွက် အားလုံးပါဝင်တဲ့ ပြည့်စုံတဲ့ ချဉ်းကပ်မှုက သိပ်ကို အရေးပါကြောင်း သဘောတူညီမှု ရခဲ့ကြပါတယ်။

ခေါင်းဆောင်ကြီး ၂ ဦးဟာ အရှေ့အလယ်ပိုင်း ဒေသထဲက အီရန်ရဲ့ ရန်စတဲ့ အပြုအမူတွေကနေ စိန်ခေါ်မှု ဖြစ်လာနေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ Erga နန်းတော်မှာ ဆွေးနွေးပွဲအပြီး အမေရိကန် သမ္မတအိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အီရန်အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိစ္စရပ်ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ၂ နိုင်ငံကြား မတူကွဲပြားတဲ့ ချဉ်းကပ်မှုတွေအပေါ် အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယား နိုင်ငံတို့ကြား တင်းမာမှုတွေ တိုးလာတာခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်က ယီမင်မှာ တိုက်ခိုက်မှုတွေ ရပ်စဲသွားတာနဲ့ ယီမင်နိုင်ငံတဝှမ်း လူသားချင်းစာနာမှု အကူညီတွေပေးဖို့ ဘုရင် Salman ရဲ့ ကတိကဝတ်အတွက် သမ္မတ အိုဘားမားက ကြိုဆိုတဲ့အကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် IS အဖွဲ့ကို ချေမှုန်းရေးအတွက် အရှိန်မြှင့်လုပ်ဆောင်ရေးဟာ အရေးပါကြောင်း သမ္မတက အလေးထား ပြောကြားခဲ့တဲ့အပြင် မဟာမိတ်အဖွဲ့မှာ ဆော်ဒီဘုရင်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကိုလည်း ကြိုဆိုလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ သမ္မတ အိုဘားမားဟာ UAE အာရပ်စော်ဘွားများနိုင်ငံ လက်နက်ကိုင်တပ်တွေရဲ့ လက်ထောက် စစ်ဦးစီးချုပ်ဖြစ်တဲ့ Abu Dhabi အိမ်ရှေ့မင်းသား Sheikh Mohammed bin Zayed Al Nahyan နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ GCC ထိပ်သီးဆွေးနွေးပွဲ မစခင် တရက်အလိုမှာ တွေ့ဆုံတာ ဖြစ်ပါတယ်။

XS
SM
MD
LG