အမေရိကန်နိုင်ငံဟာ ထိခိုက် ပျက်စီးလွယ်တဲ့ အခြေအနေ ရှိနေတဲ့အကြောင်း ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်တွေဟာ အဖြစ်မှန်ကို ထင်ဟပ်မှုမရှိတဲ့အကြောင်း အမေရိကန် သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။
အမေရိကန်နိုင်ငံဟာ ပြိုလဲဖို့ တည်းတည်းပဲ လိုတော့တဲ့ အခြေအနေ ရောက်နေပြီ၊ အကြမ်းဖက်မှုတွေနဲ့ ကမောက်ကမ အခြေအနေတွေ နေရာတိုင်းမှာ ဖြစ်နေပြီ ဆိုတဲ့ အယူအဆဟာ လူအများစုရဲ့ အတွေ့အကြုံနဲ့ ကိုက်ညီမှု မရှိပါဘူး လို့ သမ္မတက သောကြာနေ့က မက္ကဆီကို သမ္မတ Peña Nieto နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
ကြာသပတေးနေ့က ရီပတ်ဘလစ်ကန် ပါတီရဲ့ သမ္မတလောင်း ရွေုးချယ်ပွဲ မှာ ဒေါ်နယ်ထရမ့် ပြောခဲ့တဲ့ မိန့်ခွန်းကို မကြည့်ခဲ့ပေမယ့်၊ ဒေါ်နယ်ထရမ့်ဟာ အမေရိကန် နိုင်ငံရဲ့ လုံခြုံရေးနဲ့ စီးပွားရေး အခြေအနေကို အဆိုးမြင်ပြီး ပြောကြား ခဲ့တာတွေကိုတော့ ဖတ်ရှုခဲ့ရတယ်လို့ အိုဘားမားက ပြောပါတယ်။
ဒီ လေးရက်ကြာ ကျင်းပတဲ့ ညီလာခံမှာ နောက်ဆုံးပြောကြားတဲ့ ၇၆ မိနစ်ကြာ မိန့်ခွန်းမှာ ဒေါ်နယ်ထရမ့်က အိုဘားမား အစိုးရနဲ့၊ ဒီမိုကရက် ပါတီ သမ္မတလောင်း ဖြစ်လာမယ့် ဟီလာရီ ကလင်တန်တို့ဟာ အမေရိကန် နိုင်ငံကို အကြမ်းဖက်မှုတွေ၊ ကမောက်ကမဖြစ်မှုတွေ၊ ကြောက်ရွံ့မှုနဲ့ တရားဥပဒေ မဲ့မှုတွေ ဖြစ်အောင် တွန်းပို့နေတယ်လို့ အကြိမ်ကြိမ် စွပ်စွဲ ပြောကြားသွားခဲ့ပါတယ်။