သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု လုံခြုံရေး စိန်ခေါ်မှု တနိုင်ငံတည်း မဖြေရှင်းနိုင်


 နျူကလီယားလုံခြုံရေး ထိပ်သီးအစည်းဝေးမှာ ကန်သမ္မတ အိုဘားမားက မိန့်ခွန်း ပြောကြား။
နျူကလီယားလုံခြုံရေး ထိပ်သီးအစည်းဝေးမှာ ကန်သမ္မတ အိုဘားမားက မိန့်ခွန်း ပြောကြား။

နျူကလီယား လုံခြုံရေးကို သိသိသာသာ တိုးတက်အောင် ကမ္ဘာ့နိုင်ငံတွေ လုပ်နိုင်ခဲ့တဲ့ အတွက် အမေရိကန်သမ္မတ Barack Obama က ချီးကျူ းဂုဏ်ပြု လိုက်ပါတယ်။ စုပြုံနေတဲ့ န ျူ ကလီယား ပစ္စည်းတွေ လျှော့ချဖို့၊ လုံခြုံစိတ်ချစွာ သိမ်းဆည်းနိုင်ဖို့ အားထုတ်မှုအားလုံးကို အမေရိကန် ပြည်ထောင်စုက ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။

၂၁ ရာစုရဲ့ လုံခြုံရေးစိန်ခေါ်မှု တွေကို နိုင်ငံတနိုင်ငံထဲက လုပ်ဆောင်ဖြေရှင်းလို့ မရဘူးဆိုတာကိုဒီနျူကလီယား လုံခြုံရေး ပြဿနာက ဥပမာအဖြစ် ပြသနေတယ်လို့ ကမ္ဘာ့ခေါင်းဆောင် ၅၀ ကျော် တက်ရောက်လာတဲ့ ဝါရှင်တန် ဒီစီမှာ ကျင်းပတဲ့ နျူကလီယားလုံခြုံရေး ထိပ်သီးအစည်းဝေးမှာ သမ္မတ အိုဘားမားက မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

နိုင်ငံပေါင်း တဒါဇင်ကျော်က သူတို့မှာရှိတဲ့ နျူကလီယားဗုံးလုပ်ရာမှာ လိုအပ်တဲ့ ရေဒီယို ဓါတ်ကြွပစ္စည်းတွေ ဖြစ်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံ ပါဝင်နှုံးများတဲ့ ပစ္စည်းတွေ အားလုံးကို ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်းလည်း ပြောပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်း နျူကလီယား လုံခြုံရေး ညီလာခံ ၄ ခုကို သမ္မတ အိုဘားမား ကမကထလုပ် ကျင်းပခဲ့တာကနေ အခုလို ၂၁ ရာစုလုံခြုံရေး စိန်ခေါ်မှုကို နိုင်ငံတနိုင်ငံထဲနဲ့ မဖြေရှင်းနိုင်ဘူးဆိုတဲ့ အသိမျိုး ရခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ ဒီစိန်ခေါ်မှု အတွက် ပူးပေါင်း ဆောင်ရွက်ဖို့လိုသလို၊ တနိုင်ငံနဲ့ တနိုင်ငံ အကန့်အသတ် မထားပဲ၊ အဖွဲ့အစည်းတွေ ရေရှည် လက်တွဲဆောင်ရွက်ဖို့ပါ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါတွေနဲ့ ပါတ်သက်ပြီး သိသိသာသာ တိုးတက်အောင်လုပ်နိုင်ခဲ့တာက သတင်းကောင်းပါ လို့လည်း ပြောပါတယ်။

သမ္မတ အိုဘားမားဟာ ပြီးခဲ့တဲ့ နှစ်တုန်းက အီရန်ရဲ့ နျူကလီယား ပြဿနာဆိုင်ရာ သဘောတူညီမှုရအောင် လုပ်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ P5+1 အဖွဲ့နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပါတယ်။ အီရန်နဲ့ ရရှိခဲ့တဲ့ သဘောတူညီမှုဟာ ကြီးမားတဲ့ အောင်မြင်မှု တခု ဖြစ်ပြီး နျူကလီယား လက်နက် ပြန့်ပွါးမှု အန္တရာယ်ကို ဦးစားပေးခဲ့တဲ့ မှန်ကန်တဲ့ လုပ်ဆောင်မှုတခု ဖြစ်ကြောင်း ပြောပါတယ်။

ဒီနှစ် နျူကလီယားလုံခြုံရေးညီလာခံဟာ အိုင်အက်စ် အကြမ်းဖက် အဖွဲ့မှာ dirty bomb လို့ခေါ်တဲ့ ဝန်းကျင်ညစ်ညမ်း စေပြီး အန္တရာယ်ကြီးတဲ့ ဗုံးတွေ ရှိနေနိုင်တယ်လို့ စိုးရိမ်စိတ်ပူမှုတွေ ကြီးထွားလာနေချိန်မှာ ကျင်းပတာ ဖြစ်ပါတယ်။

XS
SM
MD
LG