သမ္မတ Barack Obama က အမေရိကန် အထူးတပ်ဖွဲ့တွေကို ဆီးရီးယားနိုင်ငံကို သိသိသာသာ တိုးမြှင့် စေလွတ်ဖို့ အမိန့်ထုတ်ပြန်လိုက်ပြီး ဥရောပနိုင်ငံတွေအနေနဲ့လည်း IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ညွန့်ပေါင်း တပ်ဖွဲ့တွေအတွက် သူတို့ရဲ့ ပါဝင် လုပ်ဆောင်မှုကိုလည်း တိုးမြင့် လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံမှာ ရှိနေပြီးသား အမေရိကန်တပ်ဖွဲ့ဝင် ၅၀ အပြင် တပ်ဖွဲ့ဝင် ၂၅၀ ကို ထပ်ပို့မယ်လို့ ဂျာမနီနိုင်ငံ၊ Hannover မြို့မှာ ပြုလုပ်နေတဲ့ ကုန်သွယ်ရေး ပြပွဲမှာ တနင်္လာနေ့က သမ္မတ အိုဘားမားက အဲဒီလို ပြောကြားလိုက်တာပါ။
အဲဒီ တပ်ဖွဲ့ဝင်တွေရဲ့ ကျွမ်းကျင်မှုဟာ အရေးပါတဲ့ နေရာတွေက ISIL အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့တွေကို တိုက်ထုတ်နိုင်ရေးအတွက် အရေးပါတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀ နဲ့ Apache တိုက်လေယာဉ်တချို့ကို အီရတ်နိုင်ငံကို ထပ်ပို့မယ့်အကြောင်း အမေရိကန်အစိုးရက အခုလ အစောပိုင်းမှာ ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ တပ်ဖွဲ့တွေဟာ IS အဖွဲ့က သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို အီရတ်အစိုးရက ပြန်လည် သိမ်းပိုက်နိုင်ရေး စစ်ဆင်ရေးတွေမှာ ကူညီ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။