သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယားသူပုန်ကို ထောက်ပံ့မယ့် စစ်ရေးအကူ အိုဘားမား ထုတ်ဖော်ခြင်းမရှိ


အမေရိကန်သမ္မတ အိုဘားမား နဲ့ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲ တို့ရဲ့ ဘာလင်မြို့က ပူးတွဲသတင်းစာရှင်းလင်းပွဲ (၁၉ ဇွန် ၂၀၁၃)
အမေရိကန်သမ္မတ အိုဘားမား နဲ့ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲ တို့ရဲ့ ဘာလင်မြို့က ပူးတွဲသတင်းစာရှင်းလင်းပွဲ (၁၉ ဇွန် ၂၀၁၃)
ဆီးရီးယားအစိုးရဟာ သူ့နိုင်ငံက သွေးထွက်သံယိုမှု များလှတဲ့ ပြည်တွင်းစစ်ထဲမှာ ထောင်သောင်းချီတဲ့ နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့တဲ့အတွက် သူ့ရဲ့ အုပ်ချုပ်ပိုင်ခွင့်အာဏာ ဆုံးရှုံးသွားပြီလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။ ဒါပေမဲ့ ဆီးရီးယား သူပုန်တပ်ဖွဲ့တွေကို ဘယ်လို စစ်ရေး အထောက်အပံ့မျိုး ပေးမယ်ဆိုတာကိုတော့ ပြောဆိုဖို့ ငြင်းဆိုပါတယ်။

ဆီးရီးယားနိုင်ငံမှာ အရှေ့အလယ်ပိုင်း စစ်ပွဲတစ်ခု ထပ်ပြီး ဖန်တီးဖို့အတွက် အမေရိကန်အစိုးရက လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေဟာ ချဲ့ကားပြီး ပြောဆိုတာဖြစ်တယ်လို့ ဂျာမဏီဝန်ကြီးချုပ် အန်ဂလာ မာကဲ (Angela Merkel) နဲ့ ဘာလင်မြို့တော်က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သမ္မတ အိုဘားမား က ပြောကြားခဲ့ပါတယ်။

ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆတ် (Bashar al-Assad) အစိုးရက ဓာတုလက်နက်တွေ အသုံးပြုတယ်ဆိုတာကို သူ သိကြောင်း မစ္စတာ အိုဘားမား ထပ်လောင်း ပြောဆိုခဲ့ပြီး ရုရှားနိုင်ငံက ဒီအချက်ကို သံသယရှိတယ်ဆိုတာ သူ သိကြောင်းလည်း ပြောပါတယ်။

အဲ့ဒီဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ ကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့အတွက် ကုလသမဂ္ဂကိုလည်း တိုက်တွန်းသွားပါတယ်။ ဆီးရီးယား အတိုက်အခံတွေကို ထောက်ပံ့ကူညီမှုနဲ့ နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့အတွက် ကြိုးပမ်းတာ အပါအဝင် ဆီးရီးယားက အခြေအနေတွေကို ဆွေးနွေးဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) က လန်ဒန်မှာ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဆီးရီးယားရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အလက်ပိုမြို့ကနေ တူရကီနိုင်ငံ နယ်စပ်ကို ဆက်သွယ်ထားတဲ့ အရီဟာ လတာခီးယား (Ariha-Latakia) နိုင်ငံတကာ လမ်းမကြီးပေါ်က စစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုကို အစိုးရဆန့်ကျင်ရေး သူပုန်တွေ ထိန်းချုပ်လိုက်နိုင်တယ်လို့ ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကြီးက ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG