သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥတုရာသီပြောင်းလဲရေးဆောင်ရွက်ဖို့ ကန်ကုမ္ပဏီတွေ ကတိပြု


ပဲရစ် ဥတုရာသီ ထိပ်သီးညီလာခံ ကန်သမ္မတ မိန့်ခွန်းပြောစဉ် ။ ( နိုဝင်ဘာ ၃၀၊ ၂၀၁၅)
ပဲရစ် ဥတုရာသီ ထိပ်သီးညီလာခံ ကန်သမ္မတ မိန့်ခွန်းပြောစဉ် ။ ( နိုဝင်ဘာ ၃၀၊ ၂၀၁၅)

ကမ္ဘာ့ရာသီဥတု ပြောင်းလဲရေး လုပ်ငန်းတွေကို ပံ့ပိုးဖို့ကိစ္စမှာ အမေရိကန် ကုမ္ပဏီ ၇၃ ခု ပါဝင်ဖို့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ကျင်းပနေတဲ့ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ညီလာခံမှာ ကတိပြုကြကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ကြေငြာပါတယ်။

ရည်မှန်းချက်ကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုကို ၅၀% ရေသုံးစွဲမှုကို ၈၀% လျှော့ချပြီး အစားထိုးလောင်စာကို ရာနှုန်းပြည့် ဝယ်ယူသုံးစွဲကြဖို့ ဖြစ်ပါတယ်။ လာမယ့် ၄ နှစ်အတွင်း အစားထိုးလောင်စာ အရင်းအမြစ်တွေကို ထုတ်လုပ်ဖန်တီးပြီး ရုပ်ကြွင်းလောင်စာနေရာမှာ အစားထိုးဖို့ အာဖရိကနိုင်ငံတွေကို ပြင်သစ်က ဒေါ်လာ သန်း နှစ်ထောင့်တရာ ပေးမယ်လို့ ဒီကနေ့ အင်္ဂါနေ့မှာပဲ ပြင်သစ်သမ္မတ Francois Hollande က ကြေညာသွားပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ ဥတုရာသီပြောင်းလဲမှုဒဏ်ကို ဆိုးဆိုးဝါးဝါးရင်ဆိုင်ရတဲ့ ကျွန်းနိုင်ငံငယ်လေးတွေနဲ့ ဒီကနေ့ ဆွေးနွေးဖို့ ရှိတာပါ။ ညီလာခံတတ်ရောက်လာတဲ့ အစိုးရခေါင်းဆောင်အများအပြားက တနင်းလာနေ့မှာတော့ သစ်တောပြုန်းတီးမှုကာကွယ်ရေးနဲ့ သစ်တောပြန်လည်ပျိုးထောင်ရေးဆောင်ရွက်ကြဖို့ကို ဝိုင်းဝန်းသဘောတူခဲ့ကြပါတယ်။

ဘရာဇီးနိုင်ငံက မိုးသစ်တောတွေကို ထိမ်းသိမ်းစောင့်ရှောက်ဖို့ ဘရာဇီးနဲ့ နော်ဝေးနိုင်ငံတို့ ဆက်ပြီးတော့ လက်တွဲဆောင်ရွက်သွားဖို့ ကြေညာသွားသလို၊ ဗြိတိန် ဂျာမဏီနဲ့ နော်ဝေးတို့ကလည်း ကုလသမဂ္ဂက ပြဌာန်းထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချရေး ရည်မှန်းချက်တွေကို ပြည့်မီဖို့ လုပ်ဆောင်တဲ့ နိုင်ငံတွေကို လာမယ့် ငါးနှစ်အတွင်းမှာ ဆုကြေးအဖြစ်နဲ့ အထောက်အကူ တနှစ်ကို သန်းတထောင် ပေးဖို့ ရည်မှန်းထားကြောင်း ကြေညာပါတယ်။

ကိုလံဘီယာနိုင်ငံကတော့ ဗြိတိန် ဂျာမဏီ နော်ဝေးနိုင်ငံတွေရဲ့ အကူအညီနဲ့ သူတို့အဆို သဘာဝပတ်ဝန်းကျင်မထိခိုက်စေတဲ့ ဖွံဖြိုးမှုအစီအစဉ်တွေ အကောင်အထည်ဖော်မယ်လို့ ကြေညာပါတယ်။ အခုအနေအထားမှာ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ရဲရဲတင်းတင်း ဆုံးဖြတ်ချက်ချကြဖို့ ညီလာခံစင်မြင့်ကနေ သမ္မတ Obama မနေ့ကပဲ တိုက်တွန်းသွားပါတယ်။

ပါရီမြို့တော်က ဥတုရာသီ ညီလာခံမှာ ရရှိတဲ့ တိုးတက်မှုကို ကမ္ဘာကြီးမှာ ခံစားနေရတဲ့ ဒုက္ခဘေးတွေ ဘယ်လောက် လျော့ပါးသွားလဲဆိုတာနဲ့ ကမ္ဘာမြေကို ဘယ်လောက်ထိမ်းသိမ်း စောင့်ရှောက်နိုင်လဲ ဆိုတာနဲ့ တိုင်းတာနိုင်မယ်လို့ Mr. Obama က ပြောပါတယ်။ ညီလာခံတက် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ရုပ်ကြွင်းလောင်စာကနေ ကာဗွန်ဓာတ်ငွေ့ထုတ်လုပ်မှုကို လျှော့ချပြီး ကမ္ဘာ့အပူချိန် မြင့်တက်လာမှုကို ထိန်းချုပ်ဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ သိကြပါလိမ့်မယ်လို့ ပြောပြီး၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံအချို့အနေနဲ့ ဘာတွေတိုးတက်အောင် လုပ်ပြီးပြီလဲဆိုတာ ပြောပါတယ်။

ကမ္ဘာအပူချိန်ဟာ စက်မှုတော်လှန်ရေးခေတ်ကြိုကာလနဲ့နှီုင်းယှဉ်ရင် ၂ ဒီဂရီ ဆဲဆီးယက်ထက်ပိုပြီး မမြင့်တတ်အောင် လုပ်ဆောင်ကြဖို့ မဖြစ်မနေလိုက်နာရမယ့်အချက်တွေကို ခေါင်းဆောင်တွေအကြား သဘောတူညီမှုရဖို့ ကြိုးစားနေကြတာပါ။ ၂၀၁၅ အကုန်မှာ ကမ္ဘာ့အပူချိန်ဟာ ၁ ဒီဂရီ ဆဲဆီးယက်အထိ မြင့်တက်မှာဖြစ်ပြီး၊ ဒါဟာ ကမ္ဘာတခုလုံး ဆိုးဝါးတဲ့ အကျိုးဆက်တွေနဲ့ မကြုံရအောင် ထိန်းထားရမယ့် မြင့်တက် အပူချိန် ၂ ဒီဂရီ ဆဲဆီးယက်ရဲ့ တဝက်အနေအထားဖြစ်ပါတယ်။

XS
SM
MD
LG