သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ထောက်လှမ်းရေး လျှို့ဝှက်ကြားဖြတ် သတင်းစုဆောင်းမှု လျှော့ချမည်


အမေရိကန်သမ္မတ Barack Obama အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ NSAနဲ့ပတ်သက်တဲ့ မိန့်ခွန်းပြောစဉ်။ (ဇန်နဝါရီ ၁၇၊ ၂၀၁၄)
အမေရိကန်သမ္မတ Barack Obama အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ NSAနဲ့ပတ်သက်တဲ့ မိန့်ခွန်းပြောစဉ်။ (ဇန်နဝါရီ ၁၇၊ ၂၀၁၄)
အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ NSA ရဲ့လျှို့ဝှက် ထောက်လှမ်းမှုတွေ ကို ထိန်းချုပ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ စောင့်ကြည့် ထောက်လှမ်းရေး လုပ်ငန်းတွေကို လျှော့ချပစ်မယ့်အကြောင်း အမေရိကန်သမ္မတ ဘရက်အိုဘားမား က ပြောလိုက်ပါတယ်။

မဟာမိတ်နိုင်ငံတွေ အပေါ် လျှို့ဝှက်ထောက်လှမ်းမှုတွေကို ရပ်တန့်တာ၊ အစိုးရက ကောက်ယူစုဆောင်းခဲ့တဲ့ အမေရိကန်ပြည်သူ သန်းပေါင်းများစွာရဲ့ တယ်လီဖုန်းမှတ်တမ်းတွေနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ စောင့်ကြည့်မှုတွေ စတင်လုပ်ဆောင်တာ အပါအဝင် ရှေ့ဆက် ပြောင်းလဲလုပ်ဆောင်သွားမယ့် အကြောင်းအရာတွေကို သမ္မတအိုဘားမားက သောကြာနေ့က တင်ပြသွားခဲ့တာပါ။

အစိုးရအနေနဲ့ တယ်လီဖုန်းမှတ်တမ်း ကောက်ယူတာတွေ ဆက်လက် လုပ်သွားမှာဖြစ်ပေမဲ့၊ မတ်လကုန်မှာတော့ သူ့အနေနဲ့ ဒီကိစ္စကို ဆက်လက် ကိုင်တွယ်တော့မှာ မဟုတ်ဘဲ၊ ကွန်ဂရက်လွှတ်တော်မှာ ညှိနှိုင်းဆွေးနွေးပြီးတော့ ဆုံးဖြတ် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

အမျိုးသားလုံခြုံရေး အေဂျင်စီ ကွန်ထရက်ဝန်ထမ်းဟောင်း Edward Snowden က ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အေဂျင်စီရဲ့ အချက်အလက်တွေ အများအပြားကို အကြီးအကျယ် ပေါက်ကြားအောင် လုပ်ခဲ့တာကြောင့် တိုင်းပြည်ရဲ့ ထောက်လှမ်းရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြောင်းလဲ လုပ်ဆောင်သွားမယ့် ကိစ္စတွေကို သမ္မတ အိုဘားမား က သူ့ရဲ့ သောကြာနေ့က မိန့်ခွန်းရှည်ကြီး အတွင်း ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ Snowden ဟာ ရုရှားနိုင်ငံကို ထွက်မပြေးခင်မှာ ထောက်လှမ်းရေး အချက်အလက်ပေါင်း ၁.၇ သန်း ကို ခိုးယူသွားခဲ့တယ်လို့လည်း NSA က ပြောခဲ့တာပါ။ ပေါက်ကြားခဲ့တဲ့ အချက်အလက်တချို့အရ အမေရိကန်အစိုးရဟာ ဂျာမန်ဝန်ကြီးချုပ် Angela Markel အပါအဝင် မဟာမိတ် နိုင်ငံခေါင်းဆောင်တွေရဲ့ တယ်လီဖုန်းပြောဆိုမှု အားလုံးကို နားထောင်ခဲ့တယ်လို့ ဖော်ပြနေတာပါ။

သမ္မတ အိုဘားမားကတော့ အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးကို အထူး စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးဆိုရင် ဒီလို ထောက်လှမ်းမှုတွေကို ရပ်တန့် ပစ်လိုက်မှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
XS
SM
MD
LG