သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်ပြည်ထောင်စု Florida ပြည်နယ် Orlando မြို့မှာ လူအမြောက်အများကို ပစ်ခတ်သတ်ဖြတ်ခဲ့သူဟာ အစွန်းရောက်သွားတဲ့ စိတ်ဆိုး၊ စိတ်အနှောင့်အယှက်ဖြစ်ပြီး မတည်ငြိမ်တဲ့ လူငယ်တယောက် ဖြစ်တယ်လို့ သမ္မတ Barack Obama က ပြောကြားခဲ့ပါတယ်။

အမေရိကန်မှာ မွေးဖွားတဲ့ အသက် ၂၉ နှစ်အရွယ် Omar Mateen ကို နိုင်ငံခြား အကြမ်းဖက်အဖွဲ့ တခုခုက ခိုင်းစေတဲ့ သတင်းအချက်အလက်တွေ မတွေ့ရဘူးဆိုတာကိုလည်း သမ္မတအိုဘားမားက အင်္ဂါနေ့မှာ ထပ်ပြီး ပြောကြားခဲ့ပါတယ်။

Mateen ဟာ အင်တာနက်ပေါ်က အစွန်းရောက်အမြင်တွေ ဝါဒဖြန့်မှုတွေကို ရယူခဲ့တာဖြစ်တယ်လို့ Orlando မြို့က ပစ်ခတ်မှုနဲ့ အရှေ့အလယ်ပိုင်းက IS စစ်သွေးကြွတွေကို နှိမ်နှင်းဖို့ အားထုတ်မှုတွေအပေါ် အမျိုးသားလုံခြုံရေး တာဝန်ရှိသူတွေနဲ့ ဆွေးနွေး သုံးသပ်အပြီးမှာ သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။

ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေဟာ ဒီလိုမျိုး တိုက်ခိုက်မှုမျိုးကို ကာကွယ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပေမဲ့ တယောက်ထဲ ကြံစည်ဆောင်ရွက်သူမျိုးကို ကြိုတင်သိနိုင်ဖို့ ခက်ခဲတယ်လို့ သမ္မတက ဆိုခဲ့ပါတယ်။ တနင်္ဂနွေနေ့ မနက်အစောပိုင်းက Mateen ရဲ့ ပစ်ခတ်မှုကြောင့် Night club တခုမှာ ၄၉ ယောက်သေဆုံးပြီး ၅၃ ယောက် ဒဏ်ရာရခဲ့ကြပါတယ်။

၁၉၉၄ ခုနှစ်မှာ ပြဌာန်းခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ သက်တမ်းကုန်သွားတဲ့ မောင်းပြန်သေနတ် ပိတ်ပင်မှုကို ပြန်လည် ပိတ်ပင်ပေးဖို့အတွက်လည်း လွှတ်တော်ကို သမ္မတက တိုက်တွန်းခဲ့ပါတယ်။ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကို အားပေးဖို့နဲ့ အခြေအနေ ပုံမှန်ပြန်ဖြစ်အောင် ကြိုးစားနေတဲ့ လူမှုအသိုင်းအဝိုင်းနဲ့ တသားတည်း ဖြစ်တယ်ဆိုတာပြသဖို့ သမ္မတအိုဘားမား Orlando မြို့ကို ကြာသပတေးနေ့မှာ သွားရောက်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG