သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအရ သွေးစည်းဖို့ သမ္မတ အိုဘားမား တိုက်တွန်းမည်


နိုင်ငံရေးအရ သွေးစည်းဖို့ သမ္မတ အိုဘားမား တိုက်တွန်းမည်

မကြာခင် နာရီပိုင်း အတွင်းမှာပဲ ပြောဆိုဖို့ရှိတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းထဲမှာ အမေရိကန် ပြည်ထောင်စုမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ အောင်မြင်မှုတွေ အကြောင်းကို အဓိကထားပြီး ပြောဆိုသွားဖို့ ရှိပါတယ်။

ပညာရေးကဏ္ဍ၊ နိုင်ငံတော် အခြေခံ အဆောက်အဦး ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့နဲ့ နိုင်ငံတော် အသုံးစရိတ်ကို ထပ်တိုးပြီး မသုံးစွဲဖို့ ကိစ္စတွေကိုလည်း ပြောဆိုသွားဖို့ ရှိနေပါတယ်။

အမေရိကန် နိုင်ငံရေးလောကမှာ ညီညွတ်မှုရှိဖို့ လိုအပ်တဲ့အကြောင်း၊ နိုင်ငံရေးပါတီကိစ္စ၊ နိုင်ငံရေးကိစ္စထက် နိုင်ငံက ရင်ဆိုင်နေရတဲ့ အခက်အခဲတွေက ပိုပြီးတော့ ကြီးမားတယ်ဆိုတဲ့ အကြောင်းကိုလည်း မိန့်ခွန်းမပြောခင်မှာ သမ္မတ အိုဘားမား ပြောဆိုထားတာ ရှိပါတယ်။

ရီပတ်ဘလစ်ကန်တွေက နိုင်ငံတော်မှာ တင်နေတဲ့ အကြွေးတွေထက် အစိုးရ အသုံးစရိတ်ကို လျှော့ချဖို့ တောင်းဆိုနေတာပါ။

နိုင်ငံတော် လုံခြုံရေးနဲ့ မပတ်သက်တဲ့ ကိစ္စတွေမှာ အသုံးစရိတ်တွေကို ထပ်ပြီး မတိုးဘဲထားဖို့ ၅ နှစ်တာ အစီအစဉ်တရပ်ကို ပြောလိမ့်မယ်လို့ အမည်မဖော်လိုတဲ့ အိမ်ဖြူတော် အရာရှိတဦးက ပြောပါတယ်။

အမေရိကန် အောက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်တွေက မကြာခင်ကပဲ အနိုင်ရ လွှမ်းမိုးခဲ့ကြပြီး ဗဟိုအစိုးရရဲ့ အသုံးစရိတ်တွေကို လျှော့ချရေးဟာ ဦးစားပေး လုပ်ရမယ့် အရေးတကြီးကိစ္စ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒီနှစ်အတွင်း ဒေါ်လာ ဘီလီယံ ၁၀၀ ဖြတ်တောက်ဖို့ တချို့ လွှတ်တော်အမတ်တွေက တောင်းဆိုနေကြတာပါ။

သမ္မတ အိုဘားမားက ဒီမိုကရက် ပါတီဝင်တဦး ဖြစ်ပြီး သူ့အနေနဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေနဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက် သွားနိုင်ရေး ကြိုးစားနေပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ အလုပ်အကိုင် အသစ်တွေ ဖန်တီးရေးနဲ့ စီးပွားရေး အားကောင်းလာအောင် လုပ်ဆောင်ရေးကိုလည်း သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားမယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG